ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက အသုံးပြုနေတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ဒေသက ထောက်ပံ့ပို့ဆောင်ရေး လေယာဉ်ကွင်း (airstrip) ကို စစ်ကောင်စီတပ်က အသုံးပြုနေပြီး အဲဒီကနေ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် PTTEP ဝန်ထမ်းတွေအကြား လုံခြုံရေးစိုးရိမ်မှု မြင့်တက်လာနေတယ်လို့ လုပ်ငန်းခွင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဆိုပါ airstrip ဟာ PTTEP ရဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးစင်တွေအတွက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အသုံးပြုနေတဲ့ လေယာဉ်ကွင်းဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ စစ်ကောင်စီတပ်ကလည်း အဲဒီလေယာဉ်ကွင်းကို အသုံးပြုခွင့်ရရှိနေပြီး gyrocopter တွေနဲ့ ပန်ကာတပ်လေထီးစစ်သည်တွေ အသုံးပြုတဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လေယာဉ်ကွင်းကို အခြေပြုပြီး စစ်ကောင်စီတပ်တွေက အနီးဝန်းကျင်မှာ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာကြောင့် လေယာဉ်ကွင်းကို ဝင်ထွက်အသုံးပြုနေရတဲ့ ဝန်ထမ်းတွေအတွက် လုံခြုံရေးအန္တရာယ် ပိုတိုးလာတယ်လို့ လုပ်ငန်းခွင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“စစ်ရေးအတွက် အသုံးပြုနေတဲ့နေရာတခု ဖြစ်လာရင် တဖက်က ပြန်တိုက်ခိုက်လာတဲ့အခါ အရပ်သားဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ဘယ်သူက အာမခံမှာလဲ။ ဝန်ထမ်းတွေအနေနဲ့ စိုးရိမ်စရာဖြစ်လာတယ်” လို့ ဝန်ထမ်းမိသားစုဝင်တဦးက ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခအတွင်း စစ်ရေးအရ အသုံးပြုနေတဲ့ အခြေခံအဆောက်အအုံတွေဟာ တဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုအတွက် ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ အဲဒီအတွက် စစ်ရေးနဲ့ ဆက်စပ်အသုံးပြုနေတဲ့ နေရာမှာ အလုပ်လုပ်နေရတဲ့ အရပ်သားဝန်ထမ်းတွေအနေနဲ့ တိုက်ခိုက်မှုဖြစ်လာရင် ကိုယ်တိုင်ပါ အန္တရာယ်ထဲ ရောက်သွားနိုင်တယ်လို့ စိုးရိမ်နေကြတာပါ။
အထူးသဖြင့် နိုင်ငံတကာကုမ္ပဏီတခုရဲ့ လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံကို စစ်ရေးအတွက် အသုံးပြုခွင့်ပေးထားတာဟာ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအပြင် ကုမ္ပဏီရဲ့ တာဝန်ယူမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံတောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ထားဝယ်နဲ့ အနီးဝန်းကျင်ဒေသတွေမှာလည်း မင်းအောင်လှိုင်ရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ဆက်စပ်ပြီး နယ်မြေရှင်းလင်းရေး စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုအခြေအနေမှာ PTTEP အနေနဲ့ သူတို့အသုံးပြုနေတဲ့ airstrip ကို စစ်ရေးအတွက် အသုံးပြုခွင့်ပေးထားတာရှိ၊ မရှိ၊ gyrocopter နဲ့ ပန်ကာတပ်လေထီးစစ်သည်တွေ အသုံးပြုနေမှုနဲ့ ပတ်သက်ပြီး ဘယ်လိုလုံခြုံရေးအစီအမံတွေ ချမှတ်ထားလဲဆိုတာ ရှင်းလင်းဖို့ လိုအပ်နေပါတယ်။
ဝန်ထမ်းတွေအနေနဲ့လည်း ကုမ္ပဏီရဲ့ စီးပွားရေးအကျိုးအမြတ်နဲ့ စစ်ကောင်စီဘက်က ရရှိနိုင်တဲ့ အခွင့်အရေးတွေထက် ပဋိပက္ခဖြစ်နေတဲ့ ဒေသမှာ အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ဦးစားပေးစေချင်နေကြပါတယ်။

