မြေယာသိမ်းဆည်းမှုဆိုတာ အာဏာပိုင်တွေနဲ့ပေါင်းပြီး စာရွက်စာတမ်းနဲ့ လုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတခုသာ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံမှာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက မြေယာရယူတဲ့အခါ ဒေသခံတောင်သူတွေကို ဖိအားပေးဖို့ လူအင်အား၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်သားအဖွဲ့တွေကို အသုံးချတယ်ဆိုတဲ့ တိုင်ကြားမှုတွေ မကြာခဏ ထွက်ပေါ်လာပါတယ်။
အမရပူရမြို့နယ်မှာ မောင်ဝိတ်နဲ့ ဒေသခံတွေကြား လက်ရှိဖြစ်ပေါ်နေတဲ့ မြေယာကိစ္စကလည်း အဲဒီပုံစံကို ပြန်လည်မြင်တွေ့လာရတဲ့ ဖြစ်စဉ်တခုအဖြစ် ကြုံတွေ့နေရသူတွေက သတ်မှတ်နေကြပါတယ်။
တောင်သူတွေက ပုံစံ(၇) ကိုင်ဆောင်ပြီး စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေတွေကို စီမံကိန်းမြေအဖြစ် သတ်မှတ်ပြီးနောက် လူအင်အားအများအပြားနဲ့ ဝင်ရောက်ခြံခတ်တာ၊ မြေရှင်းတာတွေ လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းတွေမှာ စည်ပင်ဝန်ထမ်းတွေ၊ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေအပြင် အရပ်သားလူအင်အားတွေ ပါဝင်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။
ဒီနေရာမှာ အရေးကြီးတာက “မြေကို ဘယ်သူပိုင်သလဲ” ဆိုတဲ့ မေးခွန်းတခုတည်း မဟုတ်ပါဘူး။
“မြေကို ရယူဖို့ ဘယ်လိုအင်အားကို အသုံးပြုသလဲ” ဆိုတာပါ။
မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုကို တရားရုံး၊ မြေယာစီမံခန့်ခွဲရေးအဖွဲ့အစည်းတွေနဲ့ စာချုပ်စာတမ်းတွေကနေ ဖြေရှင်းမယ့်အစား လူအင်အားသုံးပြီး မြေကို အရင်ဝင်ယူထားလိုက်မယ်ဆိုရင် အဲဒီလုပ်ရပ်ဟာ စီးပွားရေးအငြင်းပွားမှုထက် အာဏာအပေါ် အခြေခံတဲ့ မြေသိမ်းဆည်းမှု ဖြစ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အရင်စစ်အစိုးရခေတ်တွေမှာလည်း ဒီလိုပုံစံတွေကို တွေ့ခဲ့ရပါတယ်။ စီမံကိန်းတခုကို အကြောင်းပြပြီး မြေယာသတ်မှတ်ခြင်း၊ တောင်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို ပယ်ဖျက်ခြင်း၊ ပြီးတဲ့နောက် မြေပြင်မှာ အာဏာပိုင်အဖွဲ့တွေက နယ်မြေကို ထိန်းချုပ်ခြင်းဆိုတဲ့ အဆင့်လိုက်လုပ်ငန်းစဉ်တွေ ဖြစ်ခဲ့ပါတယ်။
အခုခေတ်မှာတော့ နည်းလမ်းက အနည်းငယ် ပြောင်းလာပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တချို့က တိုက်ရိုက် ဝင်ရောက်လုပ်ဆောင်တာထက် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေတဲ့ လူအင်အားကို အသုံးပြုပြီး မြေပြင်မှာ ဖိအားပေးတာမျိုး ဖြစ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အထူးသဖြင့် ပျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့တွေလို လက်နက်ကိုင်အရပ်သားအဖွဲ့တွေ ရှိနေတဲ့ ဒေသတွေမှာ ဒီလိုအင်အားတွေကို အသုံးပြုနိုင်ခြင်းဟာ မြေယာအငြင်းပွားမှုရဲ့ သဘောသဘာဝကို ပြောင်းလဲစေပါတယ်။
တောင်သူတယောက်အနေနဲ့ ကုမ္ပဏီတခုနဲ့ မြေယာအငြင်းပွားမှု ဖြစ်ရင် စာချုပ်၊ လျော်ကြေး၊ ပိုင်ဆိုင်ခွင့်နဲ့ တရားဥပဒေကြောင်းအရ ဖြေရှင်းနိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။
ဒါပေမယ့် သူ့ရှေ့မှာ စစ်သားတွေ၊ ပြည်သူ့စစ်တွေ၊ လူအင်အားအများအပြားနဲ့ လူမိုက်အုပ်စုတွေ ရောက်လာတဲ့အခါ အဲဒီအငြင်းပွားမှုဟာ ဥပဒေရေးရာကိစ္စကနေ အင်အားချင်းယှဉ်ပြိုင်ရတဲ့ ကိစ္စတခု ဖြစ်သွားပါတယ်။
ဒါကပဲ မြေသိမ်းဆည်းမှုတွေမှာ “လူမိုက်” နဲ့ “ပျူစောထီး” လို အင်အားတွေကို အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဘာကြောင့် အရေးကြီးသလဲဆိုတာကို ရှင်းပြနေပါတယ်။
အဲဒီအင်အားတွေဟာ မြေယာပိုင်ဆိုင်ခွင့်ကို တရားဝင်ဆုံးဖြတ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ ဒါပေမယ့် မြေပြင်မှာ တောင်သူတွေကို နောက်ဆုတ်သွားစေနိုင်တဲ့ “အင်အား” ကို ပေးနိုင်ပါတယ်။
အဲဒီအခြေအနေမှာ တောင်သူတွေဘက်က မေးခွန်းထုတ်ဖို့၊ ကန့်ကွက်ဖို့၊ တရားစွဲဆိုဖို့အထိ ကြောက်ရွံ့လာနိုင်ပါတယ်။
ဒါကြောင့် မြေယာသိမ်းဆည်းမှုရဲ့ တကယ့်အာဏာဟာ စာရွက်စာတမ်းထဲမှာပဲ မရှိပါဘူး။ မြေပြင်မှာ ဘယ်သူက အင်အားသုံးပြီး ထိန်းချုပ်နိုင်သလဲဆိုတာကလည်း အရေးကြီးလာပါတယ်။
ခရိုနီတွေက မြေသိမ်းတဲ့အခါ လူမိုက်၊ ပြည်သူ့စစ် ဒါမှမဟုတ် ပျူစောထီးတွေကို အသုံးပြုနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေဟာ မြေပြင်မှာ ဘယ်လောက်များပြားနေလဲဆိုတာကို သီးခြားစုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီစွပ်စွဲချက်တွေကို ခိုင်လုံမှု မရှိဘူးဆိုပြီး လျစ်လျူရှုလို့လည်း မရပါဘူး။ အကြောင်းက မြေယာအငြင်းပွားမှုတခုမှာ လက်နက်ကိုင်အဖွဲ့၊ အာဏာပိုင်အဖွဲ့နဲ့ စီးပွားရေးအကျိုးစီးပွားတွေ တနေရာတည်းမှာ ဆုံလာပြီဆိုရင် တောင်သူတယောက်ရဲ့ ပိုင်ဆိုင်ခွင့်ဟာ အသံမထွက်နိုင်တဲ့ အခွင့်အရေးတခုအဖြစ်ပဲ ကျန်သွားနိုင်လို့ပါ။

