ဩဂုတ် ၂၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဟာ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နဲ့ အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒါလျန်းမြို့ (Dalian) မှာ ဩဂုတ်လ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ 2026 APEC Customs Business Dialogue ကို အာဏာသိမ်း စစ်တပ်ရဲ့ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဦးဆောင်တဲ့ အဖွဲ့ ကဒီ MoU ကို ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
တရုတ် GACC မှ ဝန်ကြီး Sun Meijun၊ ဒုတိယဝန်ကြီး Zhang Baofeng တို့နှင့်တွေ့ဆုံကာ ခေတ်မီအကောက်ခွန် စနစ်တွေ တည်ဆောက်ရေး၊ ကုန်သွယ်ရေးနဲ့ ရေကြောင်း/ကုန်စည် ပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေး၊ အစားအသောက် လုံခြုံစိတ်ချရမှုနဲ့ Supply Chain ချိတ်ဆက်မှုတွေ အားကောင်းရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
အာဏာသိမ်း စစ်တပ်အနေနဲ့ တရုတ်နိုင်ငံ၏ ထောက်ပံ့မှုကိုယူကာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာငွေ စီးဆင်းမှုတွေကို ထိန်းချုပ်ရန် ကြိုးပမ်းနေပေမယ့်လည်း လက်ရှိမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အများစုမှာ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
အထူးသဖြင့် မြောက်ပိုင်း တော်လှန်ရေး မဟာမိတ်တပ်တွေက နယ်စပ်ဂိတ်တွေကို ထိန်းချုပ်ထားချိန်မှာ အာဏာသိမ်း စစ်တပ်ဟာ မြေပြင်မှာ ထိန်းချုပ်နိုင်စွမ်း မရှိဘဲ စာရွက်ပေါ်မှာသာ MoU ထပ်မံ ရေးထိုးနေတာဖြစ်ပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုဟာ ပြည်သူတွေအတွက် ကုန်ဈေးနှုန်း သက်သာလာစေမှာ မဟုတ်ဘဲ အာဏာသိမ်း စစ်တပ်ရဲ့ ဝင်ငွေရလမ်းများနှင့် ထိန်းချုပ်မှု ယန္တရားတွေကိုသာ အားကောင်းစေနိုင်ကြောင်း သုံးသပ်ကြပါတယ်။

