ဩဂုတ် ၂၃ ရက်ညက ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီခရိုင် ပနာရေမြို့နယ်၊ ဖော်မင်းမြို့နယ်ခွဲ အုပ်ချုပ်ရေးရုံးအနီးမှာ မီးရှို့မှုနဲ့ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
နောက်ဆုံးဖြစ်စဉ်ဟာ ဩဂုတ် ၂၃ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးရုံးရဲ့ ကားထားရာနေရာမှာ မီးရှို့မှုနဲ့ အစောင့်ကင်းတဲအနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက မီးငြှိမ်းသတ်ပြီး ဖြစ်စဉ်နေရာကို စစ်ဆေးနေပါတယ်။ နရာသီဝပ်၊ ပတ္တနီနဲ့ ယာလာ ၃ ခရိုင်မှာ ဩဂုတ် ၂၂ ရက်ညက တညတည်း တိုက်ခိုက်မှု ၅၁ ခု ဖြစ်ပွားပြီးနောက် လုံခြုံရေးအခြေအနေ ဆက်လက်တင်းမာနေတာဖြစ်ပါတယ်။
ဩဂုတ် ၂၂ ရက်ညက ဖြစ်ပွားခဲ့တဲ့ ၅၁ ခုသော ဖြစ်စဉ်တွေကတော့ မီးရှို့မှု၊ အသေးစားပေါက်ကွဲမှု၊ အစိုးရနဲ့ အရပ်ဘက်ပိုင်ပစ္စည်းတွေကို ဖျက်ဆီးမှုတွေ ပါဝင်ပြီး နရာသီဝပ်မှာ ၂၂ ခု၊ ယာလာမှာ ၁၈ ခုနဲ့ ပတ္တနီမှာ ၁၁ ခု ဖြစ်ပါတယ်။ နောက်ဆုံး AP သတင်းထုတ်ပြန်ချက်မှာတော့ ဒဏ်ရာရသူ ၃ ဦးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
နရာသီဝပ်မှာ ဖြစ်စဉ်အများဆုံးဖြစ်ခဲ့ပြီး ဒေသန္တရအုပ်ချုပ်ရေးရုံးတရုံး၊ 7-Eleven ဆိုင်တဆိုင်နဲ့ ယာဉ်တစီး မီးလောင်ပျက်စီးခဲ့ပါတယ်။ ဆက်သွယ်ရေးတာဝါတိုင်တွေ၊ လျှပ်စစ်တိုင်တွေနဲ့ ရထားလမ်းပိုင်းတွေကိုလည်း ထိခိုက်ခဲ့ပါတယ်။ ရထားလမ်းပိုင်းပျက်စီးမှုကြောင့် Maruebo နဲ့ Tanyong Mat ဘူတာကြား ရထားပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားပါတယ်။
နရာသီဝပ်မှာတော့ ဩဂုတ် ၂၂ ရက်က ညမထွက်ရအမိန့် ချမှတ်ခဲ့ပါတယ်။ အာဏာပိုင်တွေက ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာတွေကို စစ်ဆေးနေပြီး လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားပါတယ်။ ယာလာခရိုင်ကိုလည်း လုံခြုံရေးအဆင့် အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားပါတယ်။
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီရာကွန်ဟာ ဩဂုတ် ၂၃ ရက် မနက်ပိုင်းမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးအကြီးအကဲတွေကို အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဖြစ်စဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ အာဏာပိုင်တွေဘက်က ဒီတိုက်ခိုက်မှုတွေဟာ ကြိုတင်စီစဉ်ထားတဲ့ လှုပ်ရှားမှုဖြစ်နိုင်တယ်လို့ သုံးသပ်ထားပြီး တာဝန်ရှိသူတွေကို ရှာဖွေဖမ်းဆီးဖို့ လုံခြုံရေးအစီအမံတွေ တင်းကျပ်ထားပါတယ်။
လက်ရှိအချိန်အထိ ဒီတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ထိုင်းတောင်ပိုင်း ပတ္တနီ၊ ယာလာနဲ့ နရာသီဝပ်မှာ လှုပ်ရှားနေတဲ့ အဓိက လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ Barisan Revolusi Nasional (BRN) ကို သံသယရှိနေပါတယ်။ Reuters ရဲ့ နောက်ဆုံးသတင်းအရ BRN နဲ့ ထိုင်းအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရှိနေဆဲဖြစ်ပြီး အခုလို အကြမ်းဖက်မှုတွေက ဆွေးနွေးပွဲအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။

