ဩဂုတ် ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကို အာဏာသိမ်း စစ်တပ်က ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းမှာ ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ မူလတန်းကျောင်းသားတွေ အပါအဝင် အပြစ်မဲ့ အရပ်သား ၅ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၉ မိနစ်မှ ၁၁ နာရီ ၁၆ မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ကျေးရွာအပေါ် လှည့်ပတ်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာ ပညာသင်ကြားနေတဲ့ မူလတန်းကျောင်းသား ၁ ဦး၊ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၁၀ နှစ်အောက် မူလတန်းကျောင်းသား ၈ ဦး အပါအဝင် အရပ်သား ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အဲ့ဒီအထဲကမှ မူလတန်းကျောင်းသားတွေ အပါအဝင် ၆ ဦးမှာ စိုးရိမ်ဒဏ်ရာတွေ ရရှိထားတာမို့ သေဆုံးသူ အရေအတွက် ထပ်မံမြင့်တက်လာနိုင်ပါတယ်။ ဒါ့အပြင် လူနေအိမ် ၁၇ လုံးနဲ့ ဘုန်းကြီးကျောင်းဆောင်အချို့ ပျက်စီးသွားခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာလည်း ပလက်ဝမြို့နဲ့ ဆမီးမြို့တွေကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အပြစ်မဲ့ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ မြေပြင်မှာ စစ်ရေးအရ ရှုံးနိမ့်မှုတွေ ကြုံတွေ့နေရချိန်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆေးရုံ/ဆေးခန်းတွေကို ပစ်မှတ်ထားကာ လေကြောင်းမှ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်လျက် ရှိပါတယ်။

