ဩဂုတ် ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာ အသိုက်အဝန်းအပေါ် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကျူးလွန်ခဲ့တာ ၉ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေမဲ့ ရိုဟင်ဂျာတွေဟာ ယနေ့တိုင် နှိပ်စက်ညှဉ်းပန်းခံရတာ၊ သွားလာခွင့်နဲ့ အင်တာနက် အသုံးပြုခွင့် ကန့်သတ်ခံရတာ၊ အတင်းအကျပ် စစ်သားစုဆောင်းခံရတာနဲ့ ကြီးမားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ရန်ကုန်မြို့က ဗြိတိသျှသံရုံး က ထုတ်ပြန်ပါတယ်။
တရားမျှတမှု၊ တာဝန်ခံမှုနဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာ အပြည့်အဝ ပါဝင်ခွင့် မပေးဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်သလို၊ ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသူတွေထံ လူသားချင်းစာနာမှု အကူအညီတွေ လွယ်ကူစွာ ရောက်ရှိရေးဟာလည်း အဓိက ဦးစားပေး ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။
“ရိုဟင်ဂျာတွေနဲ့ အခြား လူနည်းစုအသိုက်အဝန်းတွေ ဆက်လက်ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေ အပါအဝင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ ကျွန်တော်တို့ အထူးတိုက်တွန်းပါတယ်” လို့ ဗြိတိသျှသံရုံး အကြီးအကဲ အန်းဒရူး ဂျက်ဆင် က ပြောပါတယ်။
ဒါ့အပြင် ယခုလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အကျပ်အတည်း ပိုမိုပြင်းထန်လာတာကို တွေ့ရတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့လည်း အလေးအနက် တောင်းဆိုထားပါတယ်။
ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှု ရရှိရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်သလို၊ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူအားလုံးရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ ကာကွယ်ရေးအတွက် ဆက်လက် ကတိပြု ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

