ရန်ကုန်မြို့ရှိ တချို့နေရာတွေမှာ ရှောင်တခင်စစ်ဆေးရေး ပြုလုပ်နေတဲ့ ယာဉ်ထိန်းရဲတွေဟာ စည်းကမ်းနဲ့ မညီညွတ်တဲ့ ယာဉ်တွေထံက ငွေတောင်းခံရာမှာ ယူနီဖောင်းဝတ်ဆင်သူတွေကိုယ်တိုင် ငွေပေးငွေယူ လက်ခံတာမျိုး မလုပ်တော့ဘဲ အရပ်ဝတ်လူတွေကို နေ့စားအဖြစ် ငှားရမ်းအသုံးပြုလာတာတွေ ပိုများလာတယ်လို့ သိရပါတယ်။
“ကြာပြီလေ။ အရင်ကတော့ နည်းတယ်။ အခုက နေပူတာကြောင့်လဲပါတယ်။ ပြီးတော့ ဒီကောင်တွေ အပြင်မထွက်ရဲတာကြောင့်လဲ ပါတယ်ဗျ” လို့ ဒီလို ငွေတောင်းခံမှုကို ကြုံခဲ့ရတဲ့ အငှားယာဥ်မောင်းတဦးက ပြောပါတယ်။
အဆိုပါ အရပ်ဝတ်လူတွေဟာ ယာဉ်ထိန်းရဲတွေနဲ့အတူ လမ်းဘေးမှာ ရပ်ပြီး ပုံမှန်ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေထဲက စည်းကမ်းမညီတဲ့ကားတွေကို ရှာဖွေကာ ငွေတောင်းခံပေးရတယ်လို့ ဆိုပါိတယ်။ ကားအမျိုးအစားအလိုက် နေရာအလိုက် ပေးရမယ့် ငွေပမာဏကို ကားသမားတွေက သိရှိကြတာများတဲ့အတွက် ပေးလာတဲ့ငွေကို လက်ခံယူတဲ့ အလုပ်တခုကိုသာ လုပ်ရတယ်လို့ သိရပါတယ်။ တချို့ အိမ်စီးကားတွေနဲ့ ပက်သက်ပြီး တာဝန်ကျယာဥ်ထိန်းတွေရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရတယ်လို့လဲ ဒီလုပ်ငန်းစဥ်ကို အနီးကပ်သိရှိသူတဦးက BIV ကို ပြောပါတယ်။
“တခါတလေကျ ကိုယ့်ကေပေးနဲ့ ငွေလက်ခံပေးလိုက်ရတာ ရှိတယ်။ သူတို့က အကုန် မှတ်မိတယ်။ နောက်ကျ ပြန်ပေးရတာပဲ။ တခါတလေကျ လုပ်ချင်တဲ့လူများလို့ အလှည့်ကျ ခေါ်တာလဲရှိတယ်” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။
အရပ်ဝတ်လူတယောက်ကို တနေ့တာလုပ်အားခအဖြစ် ကျပ် ၃ သောင်းကနေ ၅ သောင်းအထိ ပေးတယ်လို့ သိရပြီး မနက်ပိုင်း တပိုင်းသာ အလုပ်လုပ်ရတယ်လို့ ဆိုပါတယ်။ ယာဉ်ထိန်းရဲတွေ ထမင်းစားနားချိန်ရောက်တဲ့အခါ အဆိုပါ အရပ်ဝတ်လူတွေလည်း အလုပ်သိမ်းကြရတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းတဲ့အချိန်တွေမှာလည်း လမ်းပေါ်မှာ ငွေတောင်းခံတဲ့လုပ်ငန်းကို ခေတ္တရပ်နားခွင့်ပေးတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာ ညွှန်ကြားချက်နဲ့ တခြား အသေးစိတ်အချက်အလက်တွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

