ဩဂုတ် ၉ ရက်၊ ၂၀၂၆ ခုနှစ် (Burma Independent Voice)
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက စကာဘိုရိုး သောင်ခုံ (Scarborough Shoal) အနီးမှာ တရုတ်နိုင်ငံက လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဟာ ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်ပေါ်စေကြောင်း အမေရိကန်ပြည်ထောင်စုက စနေနေ့မှာ စွပ်စွဲပြစ်တင်လိုက်ပါတယ်။
တရုတ်ဟာ ကျိုးကြောင်းခိုင်လုံမှု မရှိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းပြချက်တွေကိုသုံးပြီး သူတို့ရဲ့ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုချက်တွေကို ခိုင်မာဖို့ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့တာပါ။
စကာဘိုရိုး သောင်ခုံဟာ ဖိလစ်ပိုင်နိုင်ငံ၊ လူဇွန်ကျွန်း (Luzon) ကနေ ၂၄၀ ကီလိုမီတာ (၁၂၄ မိုင်) ခန့်သာ ကွာဝေးပြီး တရုတ်ပြည်မကြီးနဲ့ ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာတဲ့ ငါးသယံဇာတ ကြွယ်ဝတဲ့ သန္တာကျောက်တန်း ဖြစ်ပါတယ်။ ဒီ သောင်ခုံကို ပေကျင်းနဲ့ မနီလာ နှစ်ဖက်စလုံးက ပိုင်ဆိုင်ကြောင်း အသီးသီး ကြေညာထားကြတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တိုမီ ပီဂေါ့တ် (Tommy Pigott) က “စကာဘိုရိုး သောင်ခုံမှာ အမျိုးသား သဘာဝထိန်းသိမ်းရေးနယ်မြေ’ ဆိုတာကို တရုတ်က တဖက်သတ် သတ်မှတ်ပြီး ‘အတင်းအကျပ် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာနဲ့ ဖိလစ်ပိုင် ရေလုပ်သားတွေကို သူတို့ရဲ့ ရိုးရာ ငါးဖမ်းကွက်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်နေတာတွေကို အမေရိကန်က ပယ်ချပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဒါဟာ အိမ်နီးချင်း နိုင်ငံတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်စေပြီး တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ နယ်မြေနဲ့ ရေပိုင်နက် တောင်းဆိုမှုတွေကို အဓမ္မ ဖိအားပေး အကောင်အထည်ဖော်ဖို့ သဘာဝပတ်ဝန်းကျင်နဲ့ ဥပဒေကြောင်းအရ ဆင်ခြေဆင်လက်တွေကို တစ်ဖက်သတ် အသုံးပြုတဲ့ နောက်ထပ် လုပ်ရပ်တခုပဲ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ သူတို့ ထိန်းချုပ်ထားတဲ့ ဒီသောင်ခုံပတ်ဝန်းကျင်မှာ လွန်ခဲ့သည့်နှစ်က တဖက်သတ် ဖန်တီးခဲ့တဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ စီမံခန့်ခွဲမှုဆိုင်ရာ နည်းဥပဒေအသစ်တွေကို လတ်တလောမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်အရ တရုတ်ရဲ့တောင်းဆိုမှုတွေဟာ ဥပဒေကြောင်းအရ အခြေအမြစ်မရှိကြောင်း ဆုံးဖြတ်ထားသော်လည်း ပေကျင်းဟာ ဒီအငြင်းပွားဖွယ် သောင်ခုံ အပါအဝင် တောင်တရုတ်ပင်လယ်ရဲ့ အဓိက အစိတ်အပိုင်းတွေကိုလည်း ပိုင်ဆိုင်ကြောင်း ဆက်လက် တောင်းဆိုထားဆဲ ဖြစ်ပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင် သင်္ဘောတွေဟာ ဒီအငြင်းပွား ရေပြင်အတွင်း ခဏခဏ ထိတွေ့မှုတွေ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့တဲ့ လအတွင်းကလည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါသေးတယ်။

