ယူကရိန်းပဋိပက္ခ အဆုံးသတ်ဖို့ နီးစပ်နေပြီလို့ ရုရှားသမ္မတ ပူတင် ပြော
မေလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ အဆုံးသတ်ဖို့ နီးကပ်နေပြီလို့ ထင်မြင်ကြောင်း မော်စကိုမြို့ ရင်ပြင်နီမှာ ပြုလုပ်တဲ့ စစ်အောင်ပွဲနေ့ အခမ်းအနားအပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
“ ဒီကိစ္စက အဆုံးသတ်တော့မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ သူက ယူကရိန်းက “ အထူးစစ်ဆင်ရေး” ကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကိယက်ဗ်အစိုးရကို ကူညီနေတဲ့ အနောက်အုပ်စုရဲ့ လုပ်ရပ်တွေကိုတော့ သူက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။
ဒီနှစ်မှာ ပြုလုပ်တဲ့ ရုရှားရဲ့ နှစ်ပတ်လည် စစ်ရေးပြအခမ်းအနားဟာ အရင်နှစ်တွေနဲ့ မတူဘဲ တင့်ကားတွေ၊ ဒုံးကျည်တွေ ထုတ်ဖော်ပြသတာမျိုး မရှိခဲ့ပါဘူး။ ယူကရိန်းဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် လုံခြုံရေးအရ လျှော့ချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် နောက်ဆုံးမိနစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့တာမို့ အခမ်းအနားကတော့ ဘာပြဿနာမှမရှိဘဲ ပြီးဆုံးသွားခဲ့တာပါ။
ပူတင်က သူရဲ့မိန့်ခွန်းထဲမှာ ရုရှားဟာ “ တရားသောစစ်” ကို တိုက်နေတာဖြစ်ပြီး ယူကရိန်းဟာ နေတိုးအုပ်စုရဲ့ အကူအညီနဲ့ ကျူးကျော်ဖို့ ကြိုးစားနေတာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ “ အနောက်အုပ်စုက ကူညီမယ်လို့ ကတိပေးပြီးမှ ရုရှားနဲ့ ထိပ်တိုက်တွေ့အောင် မီးထိုးပေးနေတာ ဒီနေ့အထိပါပဲ။ ဒါပေမဲ့ အခုတော့ ဒီကိစ္စက အဆုံးသတ်ဖို့ နီးနေပါပြီ” လို့ သူက ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပူတင်က ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးစာချုပ် သဘောတူညီချက် ရပြီးမှသာ တွေ့ဆုံမယ်လို့ အခိုင်အမာ ပြောထားပါတယ်။ “ တတိယနိုင်ငံမှာ တွေ့ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအဆင့် ဖြစ်ရပါမယ်” လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် အကျဉ်းသား ၁,၀၀၀ စီ လဲလှယ်ဖို့ သဘောတူညီမှု ရထားပေမဲ့လည်း ယူကရိန်းဘက်က အခုထိ အကြောင်းပြန်တာမျိုး မရှိသေးဘူးလို့လည်း ပူတင်က ထောက်ပြခဲ့ပါတယ်။
ဒီနှစ် စစ်ရေးပြအခမ်းအနားဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် စစ်လက်နက်ပစ္စည်းတွေ မပါဘဲ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတကာသတင်းထောက် အတော်များများကိုလည်း တက်ရောက်ခွင့် ကန့်သတ်ထားခဲ့တာကို တွေ့ရပါတယ်။