BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေသည့် ခရီးသည်တင်သင်္ဘော တီနီရိဖ်ကျွန်းသို့ ဆိုက်ရောက်၊ ခရီးသည်များကို နေရပ်ပြန်ပို့ရန် ပြင်ဆင်နေ

မေလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ အပျော်စီးသင်္ဘောတစ်စီးဟာ စပိန်နိုင်ငံပိုင် တီနီရိဖ် ကျွန်းကို ဆိုက်ရောက်လာပြီဖြစ်ပါတယ်။ သင်္ဘောပေါ်မှာပါလာတဲ့ ခရီးသည် ၁၄၇ ဦးကိုတော့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက စနစ်တကျ ပြန်လည်ခေါ်ယူသွားဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။

နေထွက်ချိန်မှာပဲ ကာနေရီကျွန်းစု ရဲ့ ဂရန်နာဒီလာ ဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ MV Hondius သင်္ဘောနားကို ဥဩဆွဲသံတွေနဲ့အတူ လုံခြုံရေးလှေငယ်လေးတွေက ချဉ်းကပ်လာခဲ့ကြပါတယ်။ ဆိပ်ကမ်းမှာတော့ အကာအကွယ်ဝတ်စုံ အပြည့်ဝတ်ထားသူတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တာဝန်ရှိသူတွေက အသင့်စောင့်ကြိုနေကြတာပါ။

ပြီးခဲ့တဲ့လက အာဂျင်တီးနားနိုင်ငံကနေ စတင်ထွက်ခွာလာခဲ့တဲ့ ဒီသင်္ဘောပေါ်မှာ ကြွက်တွေရဲ့ မစင်နဲ့ ဆီးကနေတစ်ဆင့် ကူးစက်တတ်တဲ့ ဟန်တာဗိုင်းရပ်စ်ကြောင့် လူ ၃ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် တခြားခရီးသည်တချို့ကိုလည်း လမ်းခရီးမှာတင် ဆေးကုသမှုခံယူဖို့ သင်္ဘောပေါ်ကနေ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါသေးတယ်။

အခုအခါမှာတော့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေဟာ သင်္ဘောပေါ်တက်ပြီး ခရီးသည်တွေနဲ့ သင်္ဘောသားတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ စပိန်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ခရီးသည်တွေကိုတော့ လူမျိုးစုအလိုက် လှေငယ်လေးတွေနဲ့ ကမ်းပေါ်ကို တစ်သုတ်ချင်း ပို့ဆောင်ပေးသွားမှာပါ။

အမေရိကန်၊ ဂျာမနီ၊ ပြင်သစ် စတဲ့ နိုင်ငံအသီးသီးကလည်း သူတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ လေယာဉ်တွေ စေလွှတ်ထားကြပါတယ်။ အမေရိကန်နိုင်ငံသား ၁၇ ဦးကိုတော့ နာမည်ကျော် ကွာရန်တင်းဌာနရှိတဲ့ နီဘရာစကာ ဆေးရုံကို ပို့ဆောင်မှာဖြစ်ပြီး အိမ်ပြန်ရောက်ရင်လည်း ၄၂ ရက်ကြာ စောင့်ကြည့်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ စပိန်နိုင်ငံသား ခရီးသည် ၁၄ ဦးကတော့ ပထမဆုံး ကုန်းပေါ်ဆင်းခွင့်ရသူတွေ ဖြစ်လာမှာဖြစ်ပြီး သူတို့ကို စစ်ဆေးရုံတစ်ခုမှာ သီးသန့်ထားရှိ စစ်ဆေးသွားမှာပါ။

ဒီသင်္ဘော ဆိုက်ကပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံခေါင်းဆောင်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့သလို၊ ဆိပ်ကမ်းအလုပ်သမားတွေကလည်း ရောဂါကူးစက်မှာကို စိုးရိမ်တာကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။

ခရီးသည်တွေအားလုံး ဆင်းသွားပြီးရင်တော့ သင်္ဘောဟာ နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး အဲဒီကျတော့မှ သင်္ဘောတစ်စီးလုံးကို ပိုးသတ်သန့်စင်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ WHO က ဒီဗိုင်းရပ်စ်ဟာ အများပြည်သူအတွက် စိုးရိမ်စရာ အန္တရာယ်နည်းပါးကြောင်း ထုတ်ပြန်ထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed