မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံ၏ အဓိကစေ့စပ်ညှိနှိုင်းရေးမှူး စစ်ဦးစီးချုပ် အာဆင် မူနီယာ ဟာ တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် နှင့်အတူ ပေကျင်းမြို့သို့ ရောက်ရှိနေကြောင်း ဒီနေ့တနင်္လာနေ့တွင် ပါကစ္စတန်ရုပ်သံလိုင်းများက ထုတ်လွှင့်ပြသခဲ့ပါတယ်။
စစ်ဦးစီးချုပ် မူနီယာသည် အီရန်စစ်ပွဲကို တရားဝင်အဆုံးသတ်ရန် လက်ရှိလုပ်ဆောင်နေသည့် ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းတခုအဖြစ် ပြီးခဲ့သည့် သောကြာနှင့် စနေနေ့များက ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး မိုဆင် နက်ကဗီ နှင့်အတူ အီရန်အစိုးရ သို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကလည်း “အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု အမြန်ဆုံးပြန်လည်ရရှိစေရန်အတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရေး” ပါကစ္စတန်နှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု ပြောကြားထားပါတယ်။ ဝန်ကြီးချုပ် ရှရစ်ဖ်သည် သူ့ရဲ့ ၄ ရက်ကြာ တရုတ်နိုင်ငံ တရားဝင်ခရီးစဉ်ကို ပြီးခဲ့သည့် စနေနေ့က တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းကျန်းပြည်နယ်၊ ဟန်ကျိုးမြို့တွင် စတင်ခဲ့ခြင်း ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံသည် ပြီးခဲ့သည့်လက အမေရိကန်နှင့် အီရန်အရာရှိများအကြား သမိုင်းဝင်မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ပြီးနောက် ၊ လက်ရှိတွင် အမေရိကန်နှင့် အီရန်အကြား အဓိကကြားဝင်စေ့စပ်ပေးသူအဖြစ် ဗဟိုချက်ကနေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကမူ စစ်ပွဲဒဏ်သင့်နေသည့် ပင်လယ်ကွေ့နိုင်ငံများမှ အရာရှိများနှင့် ဖုန်းဖြင့်ဆွေးနွေးမှုများနှင့် အစည်းအဝေးများကို ဦးဆောင်ပေးခြင်းဖြင့် နောက်ကွယ်ကနေ ခပ်ဆိတ်ဆိတ် အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့ပါတယ်။
ပေကျင်းမြို့တွင် တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် စစ်ဦးစီးချုပ် မူနီယာနှင့်အတူ ရှိနေသည့် ဝန်ကြီးချုပ် ရှရစ်ဖ်က “လက်ရှိ ကမ္ဘာကြီးဟာ အလွန်အရေးကြီးတဲ့ အလှည့်အပြောင်းအခိုက်အတန့်ကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ပါကစ္စတန်နိုင်ငံပိုင် ရုပ်သံလိုင်း (PTV) ၏ ရုပ်သံမှတ်တမ်းများတွင် ဖော်ပြထားပါတယ်။
ဒါ့အပြင် “ပါကစ္စတန်အနေနဲ့ အမေရိကန်နဲ့ အီရန်အကြား စေ့စပ်ညှိနှိုင်းပေးဖို့ ရိုးသားစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ စစ်သေနာပတိချုပ်ဟာ တေဟီရန်မြို့ကို သွားရောက်ခဲ့ပြီး အခုလို ထူးခြားတဲ့ ခရီးစဉ်ကို လက်လွတ်မခံချင်ပါဘူး။ အရာရာဟာ မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း ရွေ့လျားနေပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံသည် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် အီရန်အရာရှိများအကြား တစ်ခုတည်းသော တိုက်ရိုက်ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဧပြီလက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကာလအတွင်း စစ်ဦးစီးချုပ် မူနီယာသည် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ ရောက်ရှိလာစဉ် ဆီးကြိုနှုတ်ဆက်ခဲ့ပြီး၊ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် နှင့်လည်း ရင်းနှီးကျွမ်းဝင်စွာ ဆွေးနွေးနိုင်ခဲ့ခြင်းကြောင့် စေ့စပ်ညှိနှိုင်းမှု၏ ဗဟိုချက်တွင် ရှိနေခဲ့သူ ဖြစ်ပါတယ်။
သို့သော်လည်း ထိုစဉ်က ဆွေးနွေးပွဲများတွင် အမေရိကန်ဘက်က “လွန်ကဲသော တောင်းဆိုမှုများ” ပြုလုပ်နေသည်ဟု အီရန်ဘက်က စွပ်စွဲခဲ့ခြင်းကြောင့် နောက်ဆုံးတွင် သဘောတူညီချက်မရဘဲ ပျက်ပြားခဲ့ရကြောင်း သိရပါတယ်။















