BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

အီရန်က နျူကလီးယားလက်နက် မထုတ်လုပ်ရန် ကတိပြုထားကြောင်း ထရမ့် ပြောကြား

မေ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်များ တီထွင်ထုတ်လုပ်သွားမည်မဟုတ်ကြောင်း သူ့ထံ အာမခံချက်ပေးထားပြီးဖြစ်ကြောင်း ပြောကြားလိုက်သော်လည်း၊ တစ်ဖက်တွင်မူ အမေရိကန်ဘက်က ပိုမိုတင်းကြပ်သည့် ငြိမ်းချမ်းရေးအဆိုပြုချက်အသစ်ကို ပေကျင်းနှင့် တဟီရန် (အီရန်အစိုးရ) ထံ ပြန်လည်ပေးပို့လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ ယခုကဲ့သို့ အဆိုပြုချက်အပေါ် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခြင်းကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲကို တရားဝင်အဆုံးသတ်ရန်နှင့် အသွားအလာ ပိတ်ဆို့ခံထားရသည့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းနေတဲ့ သဘောတူညီချက်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြိုးပမ်းနေသည့်တိုင် ပိုမိုကြန့်ကြာသွားနိုင်ဖွယ် ရှိနေပါတယ်။ The New York Times နှင့် Axios မီဒီယာများ၏ စနေနေ့က ဖော်ပြချက်အရ…

မေ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်များ တီထွင်ထုတ်လုပ်သွားမည်မဟုတ်ကြောင်း သူ့ထံ အာမခံချက်ပေးထားပြီးဖြစ်ကြောင်း ပြောကြားလိုက်သော်လည်း၊ တစ်ဖက်တွင်မူ အမေရိကန်ဘက်က ပိုမိုတင်းကြပ်သည့် ငြိမ်းချမ်းရေးအဆိုပြုချက်အသစ်ကို ပေကျင်းနှင့် တဟီရန် (အီရန်အစိုးရ) ထံ ပြန်လည်ပေးပို့လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

ယခုကဲ့သို့ အဆိုပြုချက်အပေါ် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခြင်းကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲကို တရားဝင်အဆုံးသတ်ရန်နှင့် အသွားအလာ ပိတ်ဆို့ခံထားရသည့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းနေတဲ့ သဘောတူညီချက်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြိုးပမ်းနေသည့်တိုင် ပိုမိုကြန့်ကြာသွားနိုင်ဖွယ် ရှိနေပါတယ်။

The New York Times နှင့် Axios မီဒီယာများ၏ စနေနေ့က ဖော်ပြချက်အရ ထရမ့်ဟာ အီရန်ဘက်က စဉ်းစားရမည့် ပိုမိုတင်းကြပ်သည့် အချက်အလက်များပါဝင်သော မူဘောင်အသစ်တစ်ခုကို ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ရှင်းလင်းစွာ မသိရသေးပါဘူး။

ထရမ့်က သူ့အနေနဲ့ မည်သည့်သဘောတူညီချက်တွင်မဆို အီရန်၏ နျူကလီးယားလက်နက် ထုတ်လုပ်မှုကို တားဆီးရန်နှင့် ပိတ်ဆို့ခံထားရတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် ဦးစားပေးလုပ်ဆောင်နေကြောင်း ပြောကြားထားပါတယ်။

“ ကျွန်တော့်အနေနဲ့ မရှိမဖြစ် ရယူရမယ့် အာမခံချက်တစ်ခုကတော့ (အီရန်မှာ) နျူကလီးယားလက်နက် လုံးဝမရှိစေရပါဘူး။ သူတို့ကလည်း အဲဒါကို သဘောတူထားပြီးသားပါ၊ ဒါဟာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်” ဟု ထရမ့်က သူ၏ချွေးမဖြစ်သူ လာရာထရမ့် နှင့် စနေနေ့ညပိုင်းက Fox News အစီအစဉ်တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

သို့သော်လည်း တဟီရန်အစိုးရဘက်ကမူ ထရမ့်၏ ပြောကြားချက်အပေါ် ယခင်ကတည်းက သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီး၊ နှစ်ဖက်စလုံး၏ အဓိကဦးစားပေး ရပ်တည်ချက်များမှာလည်း ကွဲပြားခြားနားနေဆဲ ဖြစ်ပါတယ်။

အီရန်နိုင်ငံ၏ မီဒီယာများအဆိုအရ သူတို့အနေနဲ့ နျူကလီးယားအစီအစဉ်ကဲ့သို့သော အဓိကကိစ္စရပ်များကို အလေးအနက်မဆွေးနွေးမီ ပိတ်ဆို့ခံထားရတဲ့ သူတို့ရဲ့ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကို အမေရိကန်ဘက်က အရင်ဆုံးပြန်ပေးရန် လိုအပ်ကြောင်းနှင့်၊ နျူကလီးယားလက်နက်၏ ရှေ့ပြေးဖြစ်သော သူတို့ရဲ့ သန့်စင်ပြီးသား ယူရေနီယံများကို ဖျက်ဆီးပစ်မည်ဆိုသည့် ထရမ့်၏ ပြောကြားချက်မှာ “ အခြေအမြစ်မရှိ” ကြောင်း တုံ့ပြန်ထားပါတယ်။

ထို့အပြင် တဟီရန်အစိုးရက လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသော်လည်း စစ်ပွဲအဆုံးသတ်ရေး မည်သည့်သဘောတူညီချက်တွင်မဆို လက်ဘနွန်နိုင်ငံကိုပါ ထည့်သွင်းရမည်ဟု အခိုင်အမာဆိုထားပါတယ်။ တစ်ဖက်တွင်လည်း ဘေရွတ် အစိုးရက အစ္စရေးစစ်တပ်ဟာ သူတို့နိုင်ငံအတွင်းသို့ စစ်အင်အားတိုးမြှင့်ကာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ အဖွဲ့ကို ပစ်မှတ်ထားသည်ဆိုသော လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကို “ မြေလှန်စနစ်ကျင့်သုံးမှု” ဟု စွပ်စွဲထားပါတယ်။

ထရမ့်နှင့် အမေရိကန်အရာရှိများက အစပိုင်းတွင် သဘောတူညီချက်ရရှိရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဟု ပြောကြားခဲ့သော်လည်း၊ Fox အင်တာဗျူးတွင်မူ ထရမ့်က စစ်ရေးအရ ပြန်လည်အရေးယူနိုင်ခြေကို အရိပ်အမြွက်ပြသကာ စိတ်မလောသည့် လေသံဖြင့် ပြောင်းလဲပြောဆိုခဲ့ပါတယ်။

“ ကျွန်တော် မလောပါဘူး” ဟု သူက ဆိုကာ “ နှေးကွေးပေမယ့် သေချာတာကတော့ ကျွန်တော်တို့ လိုချင်တဲ့အရာကို ရရှိအောင် လုပ်ဆောင်နေပါတယ်။ အကယ်၍ ကျွန်တော်တို့ လိုချင်တာမရရင်တော့ တခြားနည်းလမ်းနဲ့ အဆုံးသတ်ရလိမ့်မယ်” ဟု သတိပေးခဲ့ပါတယ်။

အဆိုပါပြောကြားချက်ဟာ ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲ ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) က စနေနေ့က အာရှဒေသ ကာကွယ်ရေးထိပ်သီးအစည်းအဝေးတွင် ဝါရှင်တန်အနေဖြင့် လိုအပ်ပါက စစ်ပွဲကို ပြန်လည်စတင်ရန် “ လုံလောက်တဲ့ စွမ်းဆောင်ရည်ထက် ပိုရှိနေကြောင်း” ပြောကြားခဲ့မှုနှင့် ထပ်တူထွက်နေပါတယ်။

ပြီးခဲ့သည့် ဧပြီလက တဟီရန်နှင့် ဝါရှင်တန်တို့အကြား ပါကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သည့် သမိုင်းဝင်ဆွေးနွေးပွဲအပြီးတွင် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသဖြင့် အီရန်နှင့် ပင်လယ်ကွေ့ဒေသအတွင်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့သော်လည်း၊ လက်နက်ကိုင်ပဋိပက္ခငယ်အချို့မှာမူ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

အီရန်နိုင်ငံပိုင် ရုပ်သံလိုင်း IRIB ၏ ဖော်ပြချက်အရ အီရန်တော်လှန်ရေးအစောင့်တပ် (Revolutionary Guards) ဟာ “ အီရန်ပိုင်နက်ရေပြင်အတွင်းသို့ ဝင်ရောက်ကာ ရန်လိုသော စစ်ဆင်ရေးများ လုပ်ဆောင်ရန် ကြိုးပမ်းနေသည့်” အမေရိကန်စစ်တပ်၏ ဒရုန်းယာဉ်တစ်စီးကို ပစ်ချခဲ့ကြောင်း သိရသော်လည်း၊ အဆိုပါဖြစ်စဉ်ကို အမေရိကန်ဘက်က အတည်ပြုခြင်း မရှိသေးပါဘူး။

ယခုသီတင်းပတ် အစောပိုင်းကလည်း မရေရာသော အပစ်အခတ်ရပ်စဲရေးကာလအတွင်း အဆိုးရွားဆုံး တိုက်ပွဲအဖြစ် အမေရိကန်စစ်တပ်က အီရန်နိုင်ငံ၏ ဘန်ဒါအာဘတ်စ် (Bandar Abbas) ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့သဖြင့် အီရန်ဘက်ကလည်း လက်တုံ့ပြန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။

သို့သော်လည်း ကမ္ဘာ့ရေနံထောက်ပံ့မှုကို ထိခိုက်စေပြီး ကမ္ဘာ့စီးပွားရေးနှင့် ကုန်ဈေးနှုန်းများကို ခြိမ်းခြောက်နေသည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရန်အတွက် ထရမ့်အနေဖြင့် သဘောတူညီချက်ရရှိအောင် သံတမန်ရေးအရ ဆက်လက်ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။

သဘောတူညီချက်အရ ပိတ်ဆို့မှုများ ဖယ်ရှားပြီးပါက အီရန်အနေဖြင့် ရေလက်ကြားကို ဖြတ်သန်းသွားလာမည့် သင်္ဘောများထံမှ “ ဖြတ်သန်းခ” ကောက်ခံမည်မဟုတ်ကြောင်း ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သော်လည်း၊ အီရန်သတင်းအေဂျင်စီ Fars ကမူ “ ထိုကဲ့သို့သော အချက်အလက်မျိုး သဘောတူညီချက်စာသားတွင် မပါဝင်ကြောင်း” တုံ့ပြန်ထားပါတယ်။ စနေနေ့က အီရန် ISNA သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အီရန်လွှတ်တော်အမတ် အလီရေဇာ ဆာလီမီ (Alireza Salimi) က “ ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ စီမံခန့်ခွဲမှုနှင့် အချုပ်အခြာအာဏာ ကျင့်သုံးမည့် အစီအစဉ်ကို မကြာမီ လွှတ်တော်က အတည်ပြုတော့မည်” ဟု ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူတို့၏ စစ်တပ်ဟာ လက်ဘနွန်နိုင်ငံအတွင်းသို့ ၃၀ ကီလိုမီတာ (မိနစ် ၂၀ ခန့် မောင်းနှင်ရသည့်အကွာအဝေး) ကျော်အထိ ထိုးဖောက်ဝင်ရောက်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်၊ စနေနေ့တွင် အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာများမှ ပြည်သူများအား ထပ်မံရွှေ့ပြောင်းကြရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ပါတယ်။

လက်ဘနွန်ဝန်ကြီးချုပ် နာဝပ်ဖ် ဆလမ် (Nawaf Salam) က အစ္စရေးအနေဖြင့် “ မြေလှန်စနစ်နှင့် အစုအပြုံလိုက် အပြစ်ပေးမှုများ” ကို လုပ်ဆောင်နေကြောင်း စွပ်စွဲလိုက်ပြီး “ လျင်မြန်ပြီး စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး” ပြုလုပ်ရန် တောင်းဆိုလိုက်ပါတယ်။

အစ္စရေးစစ်တပ်ကမူ ယနေ့တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်၌ သူတို့၏ မြေပြင်စစ်ဆင်ရေးကို တိုးချဲ့နေကြောင်း အတည်ပြုခဲ့ပြီး၊ သူတို့၏ “ သိသာထင်ရှားသော စစ်အင်အား” အပိုင်းအစများသည် လီတာနီ မြစ်ကို ဖြတ်ကျော်ကာ ဘိုဖော့တောင်ကုန်း နှင့် ဝါဒီအယ်လ်ဆာလူကီ ဒေသရှိ ဟစ်ဇ်ဘိုလာအဖွဲ့များကို တိုးချဲ့တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့သည့် ဧပြီ ၁၇ ရက်တွင် စတင်ခဲ့သော်လည်း နှစ်ဖက်စလုံးက ချိုးဖောက်နေသည်ဟု အပြန်အလှန် စွပ်စွဲနေကြတာကြောင့် တစ်ခါမျှ အတည်မဖြစ်ခဲ့ပါဘူး။

ပြီးခဲ့သည့် မတ်လအစောပိုင်းက အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်၏ ထိပ်သီးခေါင်းဆောင် သေဆုံးခဲ့ရမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာမှ၊ အစ္စရေးဘက်က လက်ဘနွန်သို့ နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ကျူးကျော်မှုများကို စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ အစ္စရေးနှင့် လက်ဘနွန်တို့သည် ဧပြီလတွင် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ခဲ့ပြီး စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်အတွင်း ပြုလုပ်သွားရန် မျှော်လင့်ရကြောင်း သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed