ဇူလိုင် ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းကစလို့ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ လူအများအပြား လိုက်ပါလာတဲ့ လှေနှစ်စီး တိမ်းမှောက်နစ်မြုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်၊ လူပေါင်း ၅၀၀ ကျော် သေဆုံးသွားခဲ့ရဖွယ်ရှိကြောင်း ကုလသမဂ္ဂက ဒီနေ့ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့က ပူးတွဲထုတ်ပြန်ချက်တခုထုတ်ကာ “ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ လူပေါင်း ၅၀၀ ကျော် လိုက်ပါလာတဲ့ လှေနှစ်စီး တိမ်းမှောက်ခဲ့တယ်” ဆိုတဲ့ သတင်းတွေအပေါ် အထူးစိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လှေနှစ်စီးဟာ ဇွန်လနှောင်းပိုင်းတုန်းက စစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး၊ လှေပေါ်မှာ ပါဝင်လာသူအများစုဟာ ရိုဟင်ဂျာ လူနည်းစုတွေဖြစ်ကြောင်း ကနဦးရရှိတဲ့ အချက်အလက်တွေအရ သိရပါတယ်။ လိုက်ပါလာသူ အချို့ဟာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား (Cox’s Bazar) ဒုက္ခသည်စခန်းတွေကနေ ပြန်လည်ထွက်ခွာလာကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်အရ လူပေါင်း ၂၅၀ ခန့် လိုက်ပါလာတဲ့ ပထမလှေတစီးဟာ ထွက်ခွာပြီး သိပ်မကြာခင်မှာတင် အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း ၂၈၀ ခန့် လိုက်ပါလာတဲ့ ဒုတိယလှေတစီးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က မြန်မာနိုင်ငံ ဧရာဝတီတိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။
“ဒီဖြစ်စဉ်တွေနဲ့ သေဆုံးသူဦးရေ အတိအကျကို တရားဝင် အတည်မပြုနိုင်သေးပေမယ့်၊ အစုအပြုံလိုက် အသက်ဆုံးရှုံးခဲ့ရဖွယ်ရှိတဲ့ အခြေအနေအပေါ် UNHCR နဲ့ IOM တို့အနေနဲ့ များစွာ စိုးရိမ်ပူပန်မိပါတယ်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ ထောက်ပြချက်အရ အဆိုပါ ခရီးစဉ်တွေဟာ ပင်လယ်ပြင်အခြေအနေ အလွန်ကြမ်းတမ်းပြီး အန္တရာယ်များတဲ့ အချိန်မှာ သွားလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကလည်း အခုလို ရေကြောင်းခရီးစဉ်တွေရဲ့ ဘေးအန္တရာယ်ကို ပိုမိုမြင့်တက်စေခဲ့တာပါ။
အကယ်၍ အခုဖြစ်စဉ်သာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင်၊ ယခုနှစ်အတွင်း ကပ္ပလီပင်လယ် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ ပျောက်ဆုံးတာ ဒါမမဟုတ် သေဆုံးခဲ့ရပြီးဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း လူဦးရေ ၃၀၀ နီးပါးရှိနေတဲ့စာရင်းထဲကို ထပ်မံတိုးလာမှာ ဖြစ်ကြောင်း သတိပေးထားပါတယ်။
ရိုဟင်ဂျာတွေဟာ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို ရှာဖွေဖို့အတွက် လူကုန်ကူးမှုကွန်ရက်တွေက လည်ပတ်နေတဲ့ လှေအိုကြီးတွေကို စီးနင်းပြီး နှစ်စဉ် အန္တရာယ်ကြီးမားလှတဲ့ ရေကြောင်းခရီးစဉ်တွေကို စွန့်စားသွားလာလေ့ ရှိကြပါတယ်။
UNHCR ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်တုန်းကတင် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာ အခုလို အန္တရာယ်ရှိတဲ့ ပင်လယ်ပြင်ဖြတ်ကျော်မှုတွေကို ပြုလုပ်ခဲ့ကြသူပေါင်း ၆,၅၀၀ ကျော်ရှိခဲ့ပြီး၊ အများစုဟာ ရိုဟင်ဂျာဒုက္ခသည်ဖြစ်ပြီး အဲ့ဒီထဲကမှ ၉၀၀ နီးပါးဟာ ပျောက်ဆုံးတာ ဒါမဟုတ် သေဆုံးခဲ့ရတယ်လို့ မှတ်တမ်းတင်ထားပါတယ်။
ဒီနေ့ကြာသပတေးနေ့က ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်မှာတော့ အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တွေဟာ “ရှည်ကြာလှပြီဖြစ်တဲ့ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ပေါ်လွင်စေရုံတင်မကဘဲ ရိုဟင်ဂျာလူထုအတွက် ရေရှည်တည်တံ့မယ့် ဖြေရှင်းချက်တွေ ဆက်လက်ကင်းမဲ့နေတာကို မီးမောင်းထိုးပြနေတာဖြစ်တယ်” လို့ အလေးအနက် ထည့်သွင်းပြောကြားထားပါတယ်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာခြင်းတို့အပြင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေအတွင်းမှာ အကူအညီနဲ့ အခွင့်အလမ်းတွေ ကန့်သတ်ချက်ရှိနေခြင်းတို့ကြောင့် ဘေးကင်းလုံခြုံမှု ရှာဖွေဖို့အတွက် အခုလို အသက်ဘေးအန္တရာယ်များတဲ့ ရေကြောင်းခရီးစဉ်တွေကို စွန့်စားလာကြသူ ပိုမိုများပြားလာရတာ ဖြစ်ပါတယ်။
“အခုဖြစ်စဉ်တွေဟာ ဘေးကင်းလုံခြုံမှုကို ရှာဖွေနေကြရတဲ့ လူတွေရဲ့ မျှော်လင့်ချက်မဲ့ စိတ်ပျက်နေမှုကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်နေကြတဲ့ မှောင်ခိုကူးမှုနဲ့ လူကုန်ကူးမှုကွန်ရက်တွေရဲ့ အမြဲတမ်းအန္တရာယ်ကိုလည်း ပေါ်လွင်စေပါတယ်” လို့ ဖော်ပြထားပါတယ်။
IOM နဲ့ UNHCR တို့အနေနဲ့ “ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကို တိုးမြှင့်လုပ်ဆောင်ဖို့၊ ခိုလှုံခွင့်နဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ရရှိနိုင်စေဖို့အပြင် မှောင်ခိုကူးမှုနဲ့ လူကုန်ကူးမှု ကွန်ရက်တွေကို နှိမ်နင်းမယ့် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့” တောင်းဆိုထားပါတယ်။ IOM နဲ့ UNHCR တို့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို နှစ်ပေါင်းများစွာကြာ လက်ခံကျွေးမွေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကရုဏာတရားကို ချီးကျူးစကားဆိုခဲ့ကြပေမယ့်၊ ဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ လူအတွက် “နိုင်ငံတကာရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုတွေ” လိုအပ်နေဆဲဖြစ်ကြောင်းနဲ့ “အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းရတဲ့ နောက်ကွယ်က အဓိကအကြောင်းအရင်းတွေကို ဖြေရှင်းဖို့အတွက် ပိုမိုကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်တယ်” လို့ အလေးအနက် တိုက်တွန်းပြောကြားခဲ့ပါတယ်။

