ဇူလိုင် ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လတ်ဒ်ဖရာအိုနယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ Na Ladprao ဘား မီးလောင်မှုအတွင်း လူမှုကွန်ရက်မှာ နာမည်ကြီးလာခဲ့တဲ့ “ဗိုလ်လေး နတ်” (Lieutenant Nat) လို့ လူသိများတဲ့ Chitphong Khattaphong ဟာ ဇူလိုင် ၁၅ ရက်က Phahonyothin ရဲစခန်းကို ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။အဲဒီနောက် ရဲတပ်ဖွဲ့က ၎င်းကို အမှု ၄ ခုနဲ့ တရားဝင် စွဲချက်တင်လိုက်ပါတယ်။
လက်ရှိ စွဲဆိုထားတဲ့ ပြစ်မှုတွေကတော့ အာဏာပိုင်အရာရှိတဦးအဖြစ် ဟန်ဆောင်မှု၊ ခွင့်ပြုချက်မရှိဘဲ ရေဒီယိုဆက်သွယ်ရေးစက် အသုံးပြုမှု၊ လူထုထိတ်လန့်စေနိုင်တဲ့ သတင်းအချက်အလက်အမှားတွေ ဖြန့်ဝေမှုတို့ ဖြစ်ပါတယ်။
ဒါ့အပြင် သူဝတ်ဆင်ထားခဲ့တဲ့ ကျည်ကာအင်္ကျီ (body armour) ဟာ စစ်ဘက်သုံးပစ္စည်း အစစ်ဖြစ်တယ်လို့ မှုခင်းသိပ္ပံစစ်ဆေးချက်က အတည်ပြုနိုင်ရင် ခွင့်ပြုချက်မရှိဘဲ စစ်ဘက်ပစ္စည်း လက်ဝယ်ထားရှိမှုနဲ့ပါ ထပ်မံစွဲဆိုခံရနိုင်တယ်လို့ Thai PBS က ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဗိုလ်လေး နတ်ဟာ မီးလောင်မှုဖြစ်ပွားချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေထဲ ဝင်ရောက်လှုပ်ရှားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ဒါမှမဟုတ် အာဏာပိုင်တဦးလို ဝတ်စားဆင်ယင်ကာ ပြုမူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူအသုံးပြုခဲ့တဲ့ ရေဒီယိုစက်နဲ့ အခြားပစ္စည်းတွေကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ကျည်ကာအင်္ကျီနဲ့ ပတ်သက်တဲ့ စွဲချက်ကတော့ မှုခင်းသိပ္ပံ စစ်ဆေးချက်အဖြေ မထွက်သေးတာကြောင့် နောက်ပိုင်းမှာ အတည်ပြုဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
Na Ladprao ဘား မီးလောင်မှုဟာ ဘန်ကောက်မြို့ Chatuchak ခရိုင်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တခုပါ။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက မီးလောင်ရတဲ့ အကြောင်းရင်း၊ အဆောက်အအုံရဲ့ မီးဘေးလုံခြုံရေးစနစ်နဲ့ အရေးပေါ်ထွက်ပေါက်တွေကို ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။
ဗိုလ်လေး နတ်ဟာ စွဲချက်တွေကို သိရှိပြီးနောက် ရဲတပ်ဖွဲ့ရဲ့ မေးမြန်းစစ်ဆေးမှုကို ခံယူခဲ့ပြီး အာမခံတင်စရာမလိုဘဲ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အမှုကိုတော့ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

