ဇူလိုင် ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ ပတ်သက်ပြီး “နောက်ထပ်လုပ်ဆောင်မယ့် အဆင့်တွေ” ကို ဆွေးနွေးဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နောက်ထပ်အစည်းအဝေးတခုကို ခေါ်ယူကျင်းပတော့မယ်လို့ ဖိလစ်ပိုင်သတင်းဌာန (PNA) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လာမယ့်သီတင်းပတ်အတွင်း မနီလာမြို့မှာ ကျင်းပမယ့် အဆင့်မြင့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ချက် (5PC) အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး တိုးချဲ့အလွတ်သဘော တိုင်ပင်ဆွေးနွေးမှုတခုကို ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မနီလာမှာ ကျင်းပမယ့် အလွတ်သဘော ဆွေးနွေးပွဲမှာတော့ အမြဲတမ်းအတွင်းဝန်က ကိုယ်စားပြုတက်ရောက်မယ့် မြန်မာနိုင်ငံအနေနဲ့ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ အာဆီယံရေးရာ နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Dax Imperial က ပြောကြားခဲ့ပါတယ်။
“အခုလာမယ့်အစည်းအဝေးဟာ အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတွေအပြီးမှာ ဖြစ်ပေါ်လာတာမို့လို့ အရမ်းကို အရေးကြီးတဲ့ အစည်းအဝေးတခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ဆွေးနွေးပွဲရလဒ်တွေဟာ လာမယ့်သီတင်းပတ်အတွင်း ကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲအတွက် အထောက်အကူ ဖြစ်စေမှာပါ။ ဒီတွေ့ဆုံမှုတွေအပြီးမှာ နောက်ထပ် ဘယ်လိုခြေလှမ်းတွေ ဆက်လှမ်းမလဲ၊ ရှေ့ဆက်မယ့် လမ်းစဉ်တွေက ဘာတွေဖြစ်မလဲဆိုတာကို ကျွန်တော်တို့ မျှော်လင့်ထားကြပါတယ်။” လို့ အာဆီယံရေးရာ နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Dax Imperial က ပြောကြားခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းထဲ ပြန်လည်ဝင်ဆံ့လာစေဖို့ တဖြည်းဖြည်းချင်း ပံ့ပိုးပေးမယ့်အပြင် 5PC ရဲ့ တိုးတက်မှုတွေကို တွန်းအားပေးနိုင်ဖို့အတွက် “အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံမှု” (Calibrated re-engagement) မူဝါဒကို ကျင့်သုံးသွားမယ်လို့ အစောပိုင်းက ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ အာဆီယံရဲ့ ဝန်ကြီးများအဆင့်၊ နိုင်ငံခြားရေးဝန်ကြီးများအဆင့်နဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ ပါဝင်မှုကို နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်တွေနဲ့သာ ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့အရေးကို ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် (၅) ချက် (5PC) ဟာ အဓိက ကိုးကားရမယ့် အချက်အဖြစ် ဆက်လက်တည်ရှိနေတယ်ဆိုတာကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။

