ဩဂုတ် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
နိုင်ငံတကာသံတမန်ရေးရာ စင်မြင့်ထက်ကို ပြန်လည်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် အသွင်ပြောင်းသမ္မတ မင်းအောင်လှိုင်ဟာ လာမယ့် ကြာသပတေးနေ့မှာ ထိုင်းနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးချယ်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံက ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းယူခဲ့သူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီမိုကရေစီစောင့်ကြည့်ရေး အဖွဲ့တွေနဲ့ နိုင်ငံတကာက ဟန်ပြရွေးကောက်ပွဲလို့ ဝေဖန်ခဲ့ကြတဲ့ ၂၀၂၆ ဧပြီလရွေးကောက်ပွဲအပြီးမှာ အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းခဲ့တာပါ။
အိမ်နီးချင်း ထိုင်းနိုင်ငံဟာ နှစ်နိုင်ငံဆက်ဆံရေးအပြင် ၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးအတွက် ဦးဆောင်ဆောင်ရွက်လျက် ရှိပါတယ်။ မင်းအောင်လှိုင်ဟာ စစ်ယူနီဖောင်းကို ချွတ်ပြီး အရပ်ဝတ် လဲလှယ်ဝတ်ဆင်ခဲ့ပြီးနောက် အိန္ဒိယ၊ တရုတ်နဲ့ လာအိုနိုင်ငံတို့သို့ သံတမန်ရေးရာ ခရီးစဉ်တွေ သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံတကာ သံတမန်ရေး မျက်နှာစာမှာ ပုံရိပ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ မင်းအောင်လှိုင်ဟာ ဘန်ကောက်ခရီးစဉ် မတိုင်မီ ဩဂုတ်လ ၃ ရက် (တနင်္လာနေ့) က အိမ်တွင်းအကျယ်ချုပ် ကျခံနေရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုခဲ့ပြီး ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ ကိုယ်စားလှယ်တဦးနဲ့ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဒေသက ကျားဖြန့် (Online Scam) ကွန်ရက်တွေကို နှိမ်နင်းရာမှာ မြန်မာဘက်က ပိုမို ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်းနဲ့ ဒီခရီးစဉ်အတွင်း ဒီကိစ္စကို ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တို့ တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ခြေလှမ်းတွေ ဆက်လက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။
မင်းအောင်လှိုင်ကို ဘန်ကောက်မြို့မှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် (Anutin Charnvirakul) နဲ့ သီးသန့်တွေ့ဆုံ မည်လို့သိရပါတယ်။ ထို့နောက် စီးပွားရေးဖိုရမ်နဲ့ အစိုးရဧည့်ခံပွဲ ကို တက်ရောက်ကာ လုပ်သားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
ဒါပေမယ့် လည်း Justice For Myanmar အပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ကို ဒီလိုမျိုး အနီရောင်ကော်ဇောခင်း ကြိုဆိုခြင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး မင်းအောင်လှိုင်ကို တရားဝင်မှု ပေးအပ်ခြင်းမပြုသင့် ဘဲ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

