ဩဂုတ် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၆၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ အထူးအစီရင်ခံစာကို ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် (Anutin Charnvirakul) က ပယ်ချလိုက်ပြီး၊ အစီရင်ခံစာဟာ တဖက်သတ် အချက်အလက်တွေအပေါ် အခြေခံထားတယ်လို့ ဝေဖန်လိုက်ပါတယ်။
အနုတင်က အဆိုပါအစီရင်ခံစာမှာ ထိုင်းနိုင်ငံရဲ့ အမြင်နဲ့ အခြေအနေတွေကို လုံလောက်စွာ ထည့်သွင်းစဉ်းစားထားခြင်း မရှိဘူးလို့ ပြောကြားခဲ့ပြီး၊ ထိုင်းအစိုးရအနေနဲ့ အချက်အလက်မှန်တွေ ပါဝင်တဲ့ တရားဝင် တုံ့ပြန်ချက်တစောင်ကို ကုလသမဂ္ဂထံ ပေးပို့သွားဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။
ဒီဝေဖန်မှုတွေဟာ ကမ္ဘောဒီးယားနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ တွမ် အန်းဒရူးစ် (Tom Andrews) ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနောက်ပိုင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အနုတင်က အဆိုပါအစီရင်ခံစာဟာ ကမ္ဘောဒီးယားဘက်က ပေးပို့တဲ့ အချက်အလက်တွေကို အဓိက အခြေခံထားပြီး၊ ထိုင်းအာဏာပိုင်တွေနဲ့ လုံလောက်တဲ့ ဆွေးနွေးမှုတွေ မပြုလုပ်ခဲ့ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ထိုင်းပြည်သူတွေအနေနဲ့ အခြေအနေမှန်ကို သိရှိနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရှင်းလင်းချက်ကို စောင့်ကြည့်ကြဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ်ကလည်း ဒီအစီရင်ခံစာဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ရဲ့ တရားဝင်ဆုံးဖြတ်ချက် မဟုတ်ဘဲ၊ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ သီးခြားအစီရင်ခံစာသာ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ စီဟာဆတ်က အစီရင်ခံစာတခုဟာ နှစ်ဖက်စလုံးရဲ့ အချက်အလက်နဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို မျှတစွာ ထည့်သွင်းသုံးသပ်ရမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ယခုအစီရင်ခံစာမှာတော့ ကမ္ဘောဒီးယားဘက်ရဲ့ စွပ်စွဲချက်နဲ့ ထိခိုက်မှုတွေကိုသာ အဓိက ဖော်ပြထားပြီး ထိုင်းဘက်က ဆုံးရှုံးမှုတွေကို ထည့်သွင်းဖော်ပြထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
“ထိုင်းနိုင်ငံအနေနဲ့ လက်မခံနိုင်တဲ့အချက်က အစီရင်ခံစာထဲမှာ ထိုင်းဘက်က ဆုံးရှုံးမှုတွေကို လုံးဝ ထည့်သွင်းဖော်ပြထားခြင်း မရှိတာ ဖြစ်ပါတယ်” လို့ စီဟာဆတ်က ပြောပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံသား ၆၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရတယ်ဆိုတဲ့ ကိန်းဂဏန်းကိုလည်း ထိုင်းဘက်က မေးခွန်းထုတ်ထားပါတယ်။ ထိုင်းအစိုးရအဆိုအရ အဆိုပါအရေအတွက်ထဲမှာ အငြင်းပွားနယ်စပ်ဒေသတွေမှာ နှစ်ရှည်နေထိုင်လာခဲ့တဲ့ ကမ္ဘောဒီးယားရွာသားတွေ ပါဝင်နေတဲ့အတွက် အားလုံးကို နေရပ်စွန့်ခွာသူများ (IDPs) အဖြစ် တိုက်ရိုက် သတ်မှတ်လို့ မရဘူးလို့ ဆိုပါတယ်။
တဖက်မှာလည်း ထိုင်းအစိုးရက ပဋိပက္ခကာလအတွင်း ထိုင်းနိုင်ငံဘက်မှာ လူပေါင်း ၄၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားအလုပ်သမားတွေကို အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခဲ့တာ မဟုတ်ဘဲ၊ ကမ္ဘောဒီးယားအစိုးရရဲ့ ခေါ်ယူမှုကြောင့် မိမိဆန္ဒအလျောက် ပြန်သွားခဲ့ကြတာဖြစ်တယ်လို့လည်း ရှင်းလင်းထားပါတယ်။ လက်ရှိမှာတော့ ဘန်ကောက်အစိုးရက အဆိုပါ UN အစီရင်ခံစာဟာ နိုင်ငံရေးအရ အသုံးချခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ယူဆထားပြီး၊ ကန့်ကွက်စာကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးနဲ့ UNHRC ဥက္ကဋ္ဌထံ တရားဝင် ပေးပို့သွားဖို့ စီစဉ်နေပါတယ်။ @Phone PSone

