ဩဂုတ် ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
မဟာဗျူဟာမြောက် အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို “အမြန်ဆုံး” ပြန်မဖွင့်ပါက အီရန်နိုင်ငံအနေနဲ့ “အပြင်းအထန် တိုက်ခိုက်ခံရမယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့က သတိပေးပြောကြားလိုက်ပါတယ်။
ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး အမေရိကန်၊ အီရန်နဲ့ အိုမန်နိုင်ငံတို့အကြား ယာယီသဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း မီဒီယာသတင်းတွေမှာ ဖော်ပြထားကာ အမေရိကန်အစိုးရအနေနဲ့ ဒီသဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာနိုင်ရန် မျှော်လင့်နေကြောင်း သိရပါတယ်။
“ရေလက်ကြားကို အမြန်ဆုံး ပြန်ဖွင့်ရပါမယ်၊ မဟုတ်ရင်တော့ သူတို့ အပြင်းအထန် တိုက်ခိုက်ခံရမှာဖြစ်ပြီး အဲဒီနောက်မှာမှ ရေလက်ကြား ပြန်ပွင့်သွားပါလိမ့်မယ်” လို့ ကယ်လီဖိုးနီးယားခရီးစဉ်အတွင်း ထရမ့်က ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပို့ဆောင်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြားဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်တို့အကြား တိုက်ပွဲတွေ မကြာခဏ ပြန်လည်ဖြစ်ပွားရတာရဲ့ ပဋိပက္ခဗဟိုချက်တခုလည်း ဖြစ်ပါတယ်။
“ကျွန်တော်တို့ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အီရန်ဘက်ကလည်း ပဋိပက္ခကို အဆုံးသတ်ချင်နေတာပါ” လို့ ထရမ့်က အလေးအနက်ထား ပြောကြားခဲ့ပါတယ်။
“အရေးကြီးတာက အလုပ်နဲ့ သက်သေပြဖို့ပါပဲ။ သူတို့ သဘောတူညီချက် ရယူချင်နေကြပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ကျွန်တော့်မှာ အချိန်အလုံအလောက် ရှိပါတယ်” လို့လည်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အဲ့ဒီနောက် ကယ်လီဖိုးနီးယားမှ လတ်စ်ဗီးဂတ်စ်သို့ ထွက်ခွာမယ့် Air Force One ပေါ်မတက်မီမှာ ထရမ့်က သဘောတူညီချက်ကို “မနက်ဖြန် သို့မဟုတ် သဘက်ခါ” မှာ ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြန်ပါတယ်။
ဒေသတွင်း တာဝန်ရှိသူတွေနဲ့ အမေရိကန် အရာရှိတဦး ပြောကြားချက်ကို ကိုးကား၍ Axios မီဒီယာရဲ့ ဖော်ပြချက်အရ လက်ရှိ ဆွေးနွေးနေတဲ့ သဘောတူညီချက်ဟာ အီရန်နဲ့ အိုမန်နိုင်ငံတို့အကြား ရေလက်ကြားအတွင်း လုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ရက်ပေါင်း ၆၀ ကြာ ယာယီစီမံချက်တခု ဖြစ်ကြောင်း သိရပါတယ်။
ဒီသဘောတူညီချက်အရ ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်မယ့် သင်္ဘောအားလုံးဟာ မြောက်ဘက် ရေကြောင်းလမ်းကို အသုံးပြုရမှာဖြစ်ပြီး ထွက်ခွာမယ့် သင်္ဘောတွေကတော့ အိုမန်နိုင်ငံ ပိုင်နက်ရေပြင်အတွင်းရှိ တောင်ဘက် ရေကြောင်းလမ်းအတိုင်း ဖြတ်သန်း မောင်းနှင်ရမှာ ဖြစ်ပါတယ်။

