ဩဂုတ် ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ရုရှားမောင်နှမ နှစ်ဦးအပါအဝင် လူ ၅ ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးရေးမှာ အဓိက သက်သေဖြစ်လာခဲ့တဲ့ ဆိုင်ကယ်ပြင်ဆရာဟာ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေနဲ့ လူထုရဲ့ သံသယဝင် စွပ်စွဲမှုတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိ ဖြစ်ခဲ့ရတယ်လို့ မနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Neng လို့ လူသိများတဲ့ အသက် ၄၃ နှစ်အရွယ် ဆိုင်ကယ်ပြင်ဆရာဟာ ပျောက်ဆုံးနေတဲ့ ရုရှားမောင်နှမ နှစ်ဦးနဲ့ ဆက်စပ်နေတဲ့ ဆိုင်ကယ်အကြောင်း ရဲတပ်ဖွဲ့ထံ သတင်းပေးခဲ့တဲ့ အသံဖိုင်ထဲက သူဖြစ်ပြီး မနေ့က ဩဂုတ် ၄ ရက် ညပိုင်းမှာတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် လူသိရှင်ကြား ထွက်ဆိုလာခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က ဘန်းလမုန်းမြို့နယ်၊ ဟွေ့ယိုင်ရှိ သင်္ချိုင်းဟောင်းတခုအနီးမှာ သံသယရှိသူ အခြားတဦးဖြစ်တဲ့ Thong က ဆိုင်ကယ်တစီးကို အစိတ်အပိုင်းတွေ ဖြုတ်နေတာကို တွေ့ရှိခဲ့တာလို့ Neng က ဆိုပါတယ်။ အဲဒီနောက် ပျောက်ဆုံးနေတဲ့ ရုရှားမောင်နှမ နှစ်ဦးရဲ့ ဓာတ်ပုံနဲ့ ဆိုင်ကယ်ပုံကို တွေ့ရချိန်မှာ ဒီဆိုင်ကယ်ကို ချက်ချင်း မှတ်မိခဲ့တာ ကြောင့် ဟွေ့ယိုင်ရဲစခန်းကို ဆက်သွယ် သတင်းပေးခဲ့တာဖြစ်ပါတယ်။
သူဟာ မသမာတဲ့ စိတ်မရှိဘဲ စေတနာအမှန်နဲ့ သတင်းပေးခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေကိုလည်း စတင်ချိန်ကတည်းက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ အလေးအနက် ပြောကြားခဲ့ပါတယ်။
Neng ရဲ့ ပြောကြားချက်အရ Thong ဟာ သူ့ထံမှာ မီးသွေးဖုတ်တဲ့ အလုပ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး Pong ကတော့ ဇွန်လအတွင်း ထောင်က လွတ်လာပြီးနောက် သူ့အိမ်မှာ လာရောက်နေထိုင်ခဲ့သူပါ။ Pong ဟာ ရိုးရိုးသားသား ပြုမူနေထိုင်ပြီး အိမ်အလုပ်တွေကို ကူညီပေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သေနတ်တလက်ကို အမြဲ ဆောင်ထားပြီး အဲဒီသေနတ်နဲ့ပဲ ရုရှားမောင်နှမ နှစ်ဦးနဲ့ ထိုင်းမိသားစုဝင် ၃ ဦးကို သတ်ဖြတ်ခဲ့တာကို ပြန်သိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Pong နဲ့ Thong တို့ဟာ သူ့ရဲ့ ဟွန်ဒါ စကူပီ (Honda Scoopy) အနီရောင် ဆိုင်ကယ်ကိုလည်း ခိုးယူသွားခဲ့ပြီး ရာဇဝတ်မှုကျူးလွန်ချိန်နဲ့ ထွက်ပြေးချိန်တွေမှာ အသုံးပြုခဲ့ကြတာပါ။
ဒီဖြစ်စဉ်ကြောင့် စိတ်ဓာတ်ရေးရာ ပြင်းထန်စွာ ထိခိုက်ခဲ့ရပြီး Pong ကို ခိုလှုံခွင့်ပေးခဲ့မိတာဟာ “မြွေပွေးခါးပိုက်ပိုက်သလို” ဖြစ်ခဲ့ရပြီး၊ လူထုရဲ့ ကောလာဟလတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် ထမင်းမစားနိုင်၊ အိပ်မပျော်နိုင်အောင် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော် နားထင်ကို သေနတ်နဲ့ထောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိ ဖြစ်ခဲ့တာပါ” လို့ Neng က ပြောဆိုခဲ့ပြီး သေနတ်မောင်း ခလုတ်မဖြုတ်မီ စုံစမ်းရေး ရဲတပ်ဖွဲ့ဝင်တွေ အိမ်ကို ရောက်ရှိလာတာနဲ့ ဖုန်းဝင်လာတာတွေကြောင့်သာ အသက်ဘေးမကြုံခဲ့တာလို့ ပြောပါတယ်။
သူဟာ ဒီလူသတ်မှုတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး အမှုအတွက် အရေးပါတဲ့ သတင်းအချက်အလက်တွေကို ရဲထံ ပေးပို့ခဲ့သူဖြစ်တာကြောင့် သူဟာ အပြစ်ကင်းကြောင်းကို ရှင်းလင်းလိုနေတာဖြစ်ပါတယ်။
ဒါ့အပြင် အမှုကို မနားမနေ ကြိုးစား အကောင်အထည်ဖော်ခဲ့ကြတဲ့ ဟွေ့ယိုင် ရဲတပ်ဖွဲ့ကိုလည်း ကာကွယ်ပြောဆိုခဲ့ပြီး Pong အနေနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အပြင်းထန်ဆုံး ပြစ်ဒဏ် ခံယူသင့်တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေဘက်ကတော့ Neng အပေါ် လူသတ်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

