မေလ ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဘူဒါဘီ ရှိ နျူကလီးယားဓာတ်အားပေးစက်ရုံအနီးမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုးမရှိသလို ရေဒီယိုသတ္တိကြွမှုအဆင့်အပေါ် သက်ရောက်မှုလည်း မရှိဘူးလို့ ဆိုပါတယ်။
ယူအေအီး (UAE) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ အနောက်ဘက်နယ်စပ်ဘက်ကနေ နိုင်ငံအတွင်းကို ကျူးကျော်ဝင်ရောက်လာတဲ့ ဒရုန်းသုံးစင်းထဲက တစ်စင်းဟာ အယ်လ်ဒါဖရာ ဒေသမှာရှိတဲ့ ဘာရာကာ နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ အတွင်းစည်းအပြင်ဘက်က လျှပ်စစ်မီးစက်တစ်ခုကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တိုက်ခိုက်မှုရဲ့ မြစ်ဖျားခံရာကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ယူအေအီး သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် အန်နဝါ ဂါဂတ်ရှ် ကတော့ ဒီတိုက်ခိုက်မှုဟာ အီရန်နဲ့ ဒေသတွင်းက သူတို့ရဲ့ လက်ဝေခံအဖွဲ့တွေ လက်ချက်ဖြစ်တယ်ဆိုတဲ့သဘောမျိုးနဲ့ X လူမှုကွန်ရက်ပေါ်မှာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ “ ဘာရာကာ သန့်စင်နျူကလီးယားစက်ရုံကို အကြမ်းဖက်ပစ်မှတ်ထားတာဟာ ပင်မတရားခံကိုယ်တိုင်လုပ်တာပဲဖြစ်ဖြစ်၊ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့တစ်ခုခုကတစ်ဆင့် လုပ်တာပဲဖြစ်ဖြစ် ဒါဟာ အန္တရာယ်ရှိတဲ့ ရန်စမှုတစ်ခုပဲ” လို့ သူက ရေးသားခဲ့ပြီး၊ ဒါဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်သလို အရပ်သားတွေရဲ့ အသက်အိုးအိမ်ကို စာနာမှုမရှိတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
လက်ရှိ အီရတ်နိုင်ငံထဲမှာ အီရန်ကျောထောက်နောက်ခံပြု ဒရုန်းတပ်ဆင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေသလို၊ ယီမင်နိုင်ငံက တဟီရန်ရဲ့ မဟာမိတ် ဟူသီသူပုန်တွေမှာလည်း စစ်ဆင်ရေးသုံး ဒရုန်းတွေ ရှိနေကြတာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အခုလို အကြောင်းမဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မိမိတို့ရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာမှုကို ဘယ်လိုအခြေအနေမျိုးမှာမဆို သည်းခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုအပြီးမှာ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဟာ ကာတာ၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ ၊ ကူဝိတ်၊ မော်ရိုကို၊ အီဂျစ်နဲ့ ဘာရိန်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေဆီ ဖုန်းဆက်သွယ်ခဲ့ပါတယ်။ အဲဒီဝန်ကြီးတွေကလည်း တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပြီး ယူအေအီးအနေနဲ့ ပြန်လည်တုံ့ပြန်ပိုင်ခွင့် အပြည့်အဝရှိတယ်ဆိုတာကို ထောက်ခံခဲ့ကြပါတယ်။
ဘာရာကာ နျူကလီးယားစက်ရုံဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်လည်ပတ်ခဲ့တာဖြစ်ပြီး မြို့တော်အဘူဒါဘီရဲ့ အနောက်ဘက် ကီလိုမီတာ ၂၀၀ (မိုင် ၁၂၀) အကွာ၊ ဆော်ဒီနဲ့ ကာတာနယ်စပ်အနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီစက်ရုံဟာ ရေနံချမ်းသာတဲ့ ယူအေအီးနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက် လေးပုံတစ်ပုံခန့်ကို ဖြည့်ဆည်းပေးနေတာပါ။ နျူကလီးယားထိန်းကျောင်းမှုဆိုင်ရာ ဖက်ဒရယ်အာဏာပိုင်အဖွဲ့ (FANR) ကတော့ မီးလောင်မှုဟာ စက်ရုံရဲ့ ဘေးကင်းလုံခြုံရေးကို ထိခိုက်မှုမရှိဘဲ စက်ရုံတွဲအားလုံး ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ အတည်ပြုပါတယ်။
စက်ရုံကို ပူးတွဲလည်ပတ်နေတဲ့ ကိုရီးယားလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း (KEPCO) ရဲ့ အရာရှိတစ်ဦးကလည်း စက်ရုံရဲ့ အဓိကအစိတ်အပိုင်းတွေ ထိခိုက်တာမျိုးမရှိကြောင်းနဲ့ ဘေးကင်းလုံခြုံရေးအရ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုကိုတော့ ခေတ္တရပ်ဆိုင်းထားခဲ့တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖာအဲလ် ဂရိုစီ ကလည်း ဒီဖြစ်စဉ်အပေါ် အလွန်စိုးရိမ်မိပြီး နျူကလီးယားလုံခြုံရေးကို ခြိမ်းခြောက်တဲ့ စစ်ရေးလှုပ်ရှားမှုမျိုးဟာ လက်ခံနိုင်စရာမရှိဘူးလို့ ရှုတ်ချခဲ့ပါတယ်။
အိမ်နီးချင်း ဆော်ဒီအာရေဗျကလည်း ဒါဟာ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်တာဖြစ်လို့ ယူအေအီးနဲ့အတူ ရပ်တည်ပြီး အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။ အာရပ်ကမ္ဘာမှာတော့ ယူအေအီးဟာ အီရန်ပြီးရင် နျူကလီးယားစက်ရုံ တည်ဆောက်နိုင်တဲ့ ပထမဆုံး အာရပ်နိုင်ငံ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့လို့ အီရန်ထိပ်တန်းခေါင်းဆောင်တွေ သေဆုံးခဲ့ရပြီးနောက်ပိုင်း ဒေသတွင်းစစ်ပွဲ ကျယ်ပြန့်လာခဲ့ရာ အီရန်ဘက်ကလည်း တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ အီရန်က ယူအေအီးအပါအဝင် ပင်လယ်ကွေ့ဒေသက အမေရိကန်မဟာမိတ်တွေကို သူတို့ရဲ့ နယ်မြေကနေတစ်ဆင့် အမေရိကန်တပ်တွေ တိုက်ခိုက်ခွင့်ပြုနေတယ်လို့ စွပ်စွဲထားပေမဲ့ ယူအေအီးဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။ အမေရိကန်နဲ့ အီရန်တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တန့်နေတာကြောင့် အခုလို ရံဖန်ရံခါ တိုက်ခိုက်မှုတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။















