သဘောထားအမြင်ဆောင်းပါး
ကျော့မောင်
ခေတ်သစ် အားကစားလူမှုဗေဒ မှာ ဘောလုံးအားကစားဟာ
ကမ္ဘာပေါ်က လူမျိုး၊ ဘာသာ၊ နယ်နိမိတ်နဲ့ နိုင်ငံရေးအယူအဆ မတူညီသူတွေကို စုစည်းပေးနိုင်တဲ့ တံတား အဖြစ်ရှုမြင်ကြပါတယ်။
ဒါပေမယ့်လည်း အခြားတဖက်မှာတော့ ပထဝီနိုင်ငံရေး အရှုပ်အထွေးတွေ၊ ဆိုရှယ်မီဒီယာခေတ်ရဲ့ အကျိုးဆက်တွေနဲ့ အမုန်းစကားတွေကြောင့် အသင်းတသင်း ဒါမှမဟုတ် အချို့သော ပရိသတ်အုပ်စုတွေရဲ့ ရပ်တည်ချက်ကို အကြောင်းပြုပြီး ပရိသတ်တွေအားလုံးကို တပုံစံတည်း တံဆိပ်ကပ်တာ (Homogenized Labeling) ဒါမဟုတ် ကစားသမားတဦးရဲ့ သမိုင်းဝင်စွမ်းဆောင်ရည်ကို ဇာတ်ကြောင်းပုံဖော်ဖျက်ဆီးတာတွေကိုလည်း စနစ်တကျ လုပ်ဆောင်လာကြပါတယ်။
အာဂျင်တီးနား ဒါမှမဟုတ် စပိန် အစရှိတဲ့ ဘောလုံးအသင်းတွေကို အားပေးတဲ့ ပရိသတ်တွေရဲ့ သဘောဆန္ဒကို လစ်လျူရှုပြီး၊ နိုင်ငံရေးအရ အမြတ်ထုတ်တာ၊ ကိုယ့်ရဲ့ နိုင်ငံရေးနဲ့ ကိုယ်ကျင့်တရားစံနှူန်းတွေမြင့်မားကြောင်းပုံဖေါ်တာ ဒါမှမဟုတ် ပုံသေကားကျ ပုံဖော်မှုတွေ (Stereotyping) ပြုလုပ်တဲ့ ဇာတ်ကြောင်းတွေလည်း ရှိလာပါတယ်။
ဒါဟာ အားကစားရဲ့ မူလအနှစ်သာရကို မှေးမှိန်စေရုံမျှမကဘဲ၊ ပရိသတ်တွေအကြား အမုန်းတရားနဲ့ ပဋိပက္ခတွေကိုပါ ပိုမိုကြီးထွားလာစေတာ ဖြစ်ပါတယ်။ လူမှုဗေဒပညာရှင် Émile Durkheim ရဲ့ ‘စုပေါင်းစိတ်လှုပ်ရှားမှု’ (Collective Effervescence) သီအိုရီကို အခြေခံပြီး သုံးသပ်မယ်ဆိုရင်၊ ဘောလုံးပွဲစဉ်တွေ အတွင်း ပရိသတ်တွေရဲ့ စုစည်းမှုဟာ အသင်းအပေါ် မျှဝေခံစားမှု၊ အနုပညာဆန်တဲ့ ကစားဟန်အပေါ် တန်ဖိုးထားမှု (Aesthetic Appreciation) နဲ့ စုပေါင်းစိတ်လှုပ်ရှားမှုတို့ကနေ ဖြစ်ပေါ်လာတဲ့ လူမှုရေးဖြစ်စဉ်တရပ်အဖြစ် နားလည်နိုင်ပါတယ်။ စုပေါင်းခံစားမှုကို ပရိသတ်တရပ်လုံးရဲ့ နိုင်ငံရေးရပ်တည်ချက်အဖြစ် ယေဘုယျကောက်ချက်ချတာ ဒါမှမဟုတ် နိုင်ငံရေးအရ တံဆိပ်ကပ်တာက အားကစားရဲ့ လူမှုရေးအဓိပ္ပာယ်ကို ကျဉ်းမြောင်းစေတဲ့ အန္တရာယ်ရှိနိုင်ပါတယ်။
ကမ္ဘာတဝန်းက ပရိသတ် သန်းပေါင်းများစွာဟာ အာဂျင်တီးနားအသင်းကို အားပေးကြတာက မာရာဒိုနာ ခေတ်ကစလို့ လီယိုနယ် မက်ဆီခေတ်အထိ စိတ်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုနဲ့ ဘောလုံးယဉ်ကျေးမှုတွေရဲ့ ဆွဲဆောင်မှုတို့ကြောင့်သာ ဖြစ်ပါတယ်။
တချို့သော နိုင်ငံရေးခေါင်းဆောင်တွေ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့အစည်းတွေက အာဂျင်တီးနားကို ထောက်ခံ အားပေးတယ်ဆိုရုံနဲ့ပဲ အာဂျင်တီးနား ပရိသတ်တရပ်လုံးကတော့ဖြင့် အဲ့ဒီ အဖွဲ့အစည်း လူပုဂိုလ် နိုင်ငံရေးအယူအဆတွေအတိုင်း ရပ်တည်နေကြတယ်လို့ ကောက်ချက်ချလို့ မရနိုင်ပါဘူး။ အဲ့ဒီလို ဇာတ်ကြောင်းကို ပုံဖေါ်လို့မရနိုင်ပါဘူး။ ဒါဟာ ယေဘုယျပြုခြင်း (False Generalization) သာ ဖြစ်ပါတယ်။
အခြားတဖက်မှာလည်း စပိန်အစိုးရရဲ့ ပါလက်စတိုင်းအပေါ် ထောက်ခံတဲ့ နိုင်ငံရေး ရပ်တည်ချက်ကြောင့် ဂါဇာဒေသမှာရှိတဲ့ ပြည်သူအချို့က စပိန်အသင်းကို ပိုမိုခင်မင်နှစ်သက်တာ၊ အားပေးတာတွေ ရှိနိုင်ပေမယ့်လည်း၊ တချိန်တည်းမှာပဲ စပိန်အသင်းရဲ့ ကစားဟန်ဖြစ်တဲ့’ (Tiki-Taka) နဲ့ လာလီဂါ ကလပ်တွေရဲ့ ဆွဲဆောင်မှုကြောင့် သာမန်အားကစားမြတ်နိုးစိတ်နဲ့ အားပေးနေကြတဲ့ ဂါဇာ ပရိသတ်များစွာလည်း ရှိနေပါတယ်။
ပရိသတ်တွေရဲ့ အားပေးမှုကို နိုင်ငံရေးအရ အလိုအလျောက် ရောယှက်တံဆိပ်ကပ်လိုက်တာက အားကစားဆိုင်ရာ ကိုယ်ပိုင်လွတ်လပ်ခွင့် ကို ချိုးဖောက်ရာ ရောက်ပါတယ်။
တံဆိပ်ကပ်ခြင်းနဲ့ ဘက်စုံ ပုံစံသွင်းခြင်းရဲ့ အခြားဆိုးရွားတဲ့ ပုံစံတခုကတော့ ကစားသမားတဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေနဲ့ သမိုင်းဝင် အောင်မြင်မှုတွေကို ဇာတ်ကြောင်းတုတွေ ဖန်တီးပြီး ပုံဖျက်ဖို့ စနစ်တကျ လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ လီယိုနယ် မက်ဆီ နဲ့ အာဂျင်တီးနား အသင်းအပေါ် မှာ စနစ်တကျ ပြုလုပ်လာကြတာကို ထင်ရှားစွာ တွေ့ခဲ့ရပါတယ်။
မကြာသေးခင်က ပြီးဆုံးသွားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း စနစ်တကျ ကျယ်လောင်လာတဲ့ ဇာတ်ကြောင်းတခုကတော့ အာဂျင်တီးနားအပေါ် ဖီဖာနဲ့ ဒိုင်တွေဟာ သိသိသာသာဘက်လိုက်တယ်၊ မက်ဆီဟာ ဖီဖာနဲ့ ဒိုင်တွေရဲ့ မျက်နာသာပေးမှုကို ရနေတယ်။ မက်ဆီပဲ ကမ္ဘာ့ဖလားရရှိအောင် ပုံဖေါ်ဖန်တီးနေတယ်ဆိုတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။
ဒါဟာ အားကစား ကစားကွင်းအတွင်းက အမှန်တကယ် စွမ်းဆောင်ရည်ကို လစ်လျူရှုပြီး Conspiracy Theory တွေနဲ့ မက်ဆီရဲ့ သမိုင်းဝင် စွမ်းဆောင်ရည်ကို တန်ဖိုးလျော့ချဖို့ ကြိုးပမ်းမှု တခု ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာတွေရဲ့ အယ်လ်ဂိုရီသမ် (Algorithm) အသုံးချမှုတွေနဲ့ မီဒီယာတချို့ရဲ့ ခေါင်းစဉ်တပ်ပုံသဏ္ဍန်တွေကြောင့် ဒီလိုမျိုး “ဒိုင်ဘက်လိုက်မှု” ဆိုတဲ့ အယူအဆကို လက်နက်သဖွယ် အသုံးပြုပြီး မက်ဆီရဲ့ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းနဲ့ အောင်မြင်မှုတွေကို အစွန်းအထင်းဖြစ်စေဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
ဒီလို လုပ်ရပ်တွေဟာ အားကစားကစားကွင်းအတွင်းက အနုပညာဆိုင်ရာနဲ့ ပါရမီဆိုင်ရာ အလှအပတွေကို မှေးမှိန်စေပြီး၊ အားကစားကို နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေရဲ့ လက်နက်တွေ အဖြစ်ကို ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ဇာတ်ကြောင်းတွေက ဒီနေရာမှာတင်ပဲ ရပ်နေတာမဟုတ်ပါဘူး။ မက်ဆီအပေါ်မှာ နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပုံဖျက်တဲ့ အခြားသော ဇာတ်ကြောင်းတုတခုလည်း ရှိလာပါတယ်။
အဲ့ဒါကတော့ မက်ဆီဟာ “အစ္စရေး ဒါမှမဟုတ် ဇိုင်ယွန်နစ် ကို ထောက်ခံသူ” လို့ စနစ်တကျ တံဆိပ်ကပ် စွပ်စွဲတာ ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်အများစုက သတင်းအမှားတွေနဲ့ မီဒီယာတွေရဲ့ ပုံကြီးချဲ့ဖော်ပြမှုများအပေါ် အခြေခံထားတာဖြစ်ပြီး အချက်အလက် အရှိတရားတွေနဲ့ လွဲချော်နေပါတယ်။
မက်ဆီကို အစ္စရေးလိုလားသူလို့ စွပ်စွဲတဲ့နေရာမှာ အဓိက သုံးလေ့ရှိတဲ့ ဓာတ်ပုံနဲ့ အချက်အလက်တွေက ၂၀၁၃ ခုနှစ်က ဂျေရုဆလင်က ‘ငိုကြွေးခြင်းနံရံ’ (Western Wall) မှာ ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီခရီးစဉ်ဟာ ဘာစီလိုနာအသင်းရဲ့ တရားဝင် “ငြိမ်းချမ်းရေးခရီးစဉ်” (Peace Tour) ဖြစ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဖက်စလုံးကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီနဲ့ အသင်းသားတွေက အစ္စရေးကို မသွားခင်မှာ ပါလက်စတိုင်းပိုင် ဝက်စ်ဘန့်ခ် (West Bank) ဒေသက ဘက်သလီဟမ် (Bethlehem) မြို့ကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်မှာ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ် (Mahmoud Abbas) နဲ့ တွေ့ဆုံခဲ့သလို၊ ပါလက်စတိုင်း ကလေးငယ်တွေနဲ့ လည်း ဘောလုံးပွဲစဉ်တွေ ပူးတွဲပြုလုပ်ခဲ့ပါတယ်။ မက်ဆီကို အစ္စရေးထောက်ခံသူအဖြစ်ပုံဖေါ်တာဟာ ဒီဖြစ်စဉ်ရဲ့ တစိတ်တပိုင်းကိုသာ ဖြတ်တောက်ပြီး ပုံဖျက်ဖို့ ကြိုးစားတာ ထင်ရှားပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလား မတိုင်မီတုန်းကဆိုရင်လည်း အာဂျင်တီးနားအသင်းဟာ ဂျေရုဆလင်မြို့မှာ အစ္စရေးအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့ပေမယ့် ပါလက်စတိုင်းပြည်သူတွေရဲ့ စိုးရိမ်မှုတွေနဲ့ နိုင်ငံရေးဖိအားတွေကြောင့် ပွဲစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲ့ဒီတုန်းက အစ္စရေးအစိုးရနဲ့ မီဒီယာအချို့က မက်ဆီ အစ္စရေးကို လာရောက်ကစားမယ်လို့ သတင်းလွှင့်ခဲ့ပေမယ့်လည်း၊ မက်ဆီ နဲ့ အသင်းဖေါ်တွေက သွားရောက်ခဲ့ခြင်းမရှိပါဘူး။ မက်ဆီဟာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ သံတမန်တဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
နောက်ထပ် လုပ်ကြံဖန်တီးချက်တခုကတော့ မက်ဆီက အစ္စရေးစစ်တပ်ကို ယူရို ၁ သန်း လှူဒါန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။ ဒီသတင်းကတော့ လုံးဝ အခြေအမြစ်မရှိတဲ့ သတင်းအမှားသာ ဖြစ်တယ်ဆိုတာ အယ်လ်ဂျာဇီးရား (Al Jazeera) အပါအဝင် နိုင်ငံတကာ သတင်းဌာနတွေမှာ တရားဝင် ပယ်ချရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။
ဒီလို အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် မက်ဆီအပေါ် “အစ္စရေးထောက်ခံသူ ဒါမှမဟုတ် ဇိုင်ယွန်နစ်” ဆိုတဲ့ စွပ်စွဲချက်တွေက အားကစားသမားတယောက်ရဲ့ လူသားချင်းစာနာမှု ခရီးစဉ်တွေကို နိုင်ငံရေးအရ အမြတ်ထုတ်ပြီး စနစ်တကျ တံဆိပ်ကပ် တိုက်ခိုက်တဲ့ ဇာတ်ကြောင်းတုတွေဖြစ်တယ်ဆိုတာ ပေါ်လွင်ပါတယ်။
နိုင်ငံရေးမှာ မကြာခဏ အသုံးပြုလေ့ရှိတဲ့ “အဖြူ ဒါမှမဟုတ် အနက်”၊ “မဟာမိတ် ဒါမှမဟုတ် ရန်သူ” ဆိုတဲ့ ဘက်ခွဲတဲ့ အယူအဆ (Dichotomous Worldview) ကို အားကစားကွင်းအတွင်းကို သွတ်သွင်းလာတာဟာ အားကစားရဲ့ လူမှုရေးဆိုင်ရာ တံတားထိုးပေးနိုင်တဲ့ စွမ်းအား (Social Bridging Power) ကို ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။
အားကစားရဲ့ အဓိက အနှစ်သာရဟာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထားမတိုက်ဆိုင်မှုတွေ ဒါမှမဟုတ် စစ်ရေးပြဿနာတွေ ရှိနေစေကာမူ ကစားကွင်းအတွင်းမှာ မတူကွဲပြားတဲ့ နိုင်ငံ၊ လူမျိုး၊ ဘာသာတရားနဲ့ မတူကွဲလွဲတဲ့ အယူအဆရှိတဲ့ ပရိသတ်တွေ စုစည်းပြီး အနိုင်အရှုံး၊ စိတ်လှုပ်ရှားမှုနဲ့ အနုပညာဆန်မှုကို အတူတကွ ခံစားနိုင်ကြတာ ဖြစ်ပါတယ်။
အားကစားပွဲတွေကို နိုင်ငံရေး ဒါမှမဟုတ် အမုန်းတရား တခုတည်းနဲ့ ကြည့်ပြီး အသင်းတွေ ဒါမှမဟုတ် ကစားသမားတွေကို “ကောင်းတဲ့ဘက်/ဆိုးတဲ့ဘက်” အဖြစ် တံဆိပ်ကပ်တာက ပရိသတ်တွေကိုပါ စီရင်ချက်ချလိုက်တာပဲဖြစ်ပါတယ်။
လူမှုစိတ်ပညာ ရဲ့ ‘လူမှုအုပ်စုဆိုင်ရာ သီအိုရီ’ အရ လူတဦးချင်းစီမှာ တချိန်တည်းမှာပဲ မတူညီတဲ့ အမှတ်သင်္ကေတများစွာ (Multiple Identities) ရှိနိုင်ပါတယ်။ ဘောလုံးပရိသတ်တဦးဟာ တချိန်တည်းမှာပဲ သာမန်အားကစားချစ်သူ၊ သုတေသီ၊ ဘာသာဝင်တဦး ဒါမှမဟုတ် နိုင်ငံရေးအမြင် သီးခြားရှိသူ ဖြစ်နိုင်ပါတယ်။
ခေတ်သစ် အားကစားလူမှုဗေဒနဲ့ နိုင်ငံတကာဆက်ဆံရေး ရှုထောင့်တွေမှာ ဘောလုံး(အားကစား)နဲ့ နိုင်ငံရေး ရောယှက်မှုကို ရှုထောင့်အသွယ်သွယ်ကနေ ခွဲခြား သုံးသပ်လေ့ ရှိကြပါတယ်။ ပထမ ရှုထောင့်အရ ဘောလုံးအားကစားဆိုတာက လူမှုအဖွဲ့အစည်းနဲ့ သီးခြားခွဲထွက်နေတဲ့ ကျွန်းတကျွန်း မဟုတ်ဘဲ၊ လက်တွေ့ကမ္ဘာရဲ့ ပထဝီနိုင်ငံရေး၊ စီးပွားရေးနဲ့ လူမျိုးရေး အရှိတရားတွေကို ပြန်လည်ရောင်ပြန်ဟပ်ပြသနေတဲ့ “လူမှုအဖွဲ့အစည်းရဲ့ ပုံရိပ်အဖြစ် ရှုမြင်ကြပါတယ်။
ဒါ့ကြောင့်ပဲ ကစားကွင်းအတွင်းကို ပြင်ပက ပဋိပက္ခတွေနဲ့ အမျိုးသားရေးဝါဒများ ကူးစက်လာတာက ရှောင်လွှဲရခက်တဲ့ သဘာဝတခု ဖြစ်လာရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေက ဘောလုံးအားကစားရဲ့ ဆွဲဆောင်မှုကို အသုံးချပြီး သူတို့ရဲ့ ပုံရိပ်ကို ဆေးကြောဖို့နဲ့ နိုင်ငံရေးပြဿနာတွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းကြတဲ့ Sportswashing (အားကစားဖြင့် ပုံရိပ်ဆေးကြောခြင်း) ဆိုတာနဲ့ ဘောလုံးက သံတမန်ရေးနဲ့ Soft Power အဖြစ် အမြတ်ထုတ်ခံရလေ့ ရှိပါတယ်။
ဒီနေရာမှာ တဆက်တည်း သတိပြုရမှာက အားကစားကို နိုင်ငံရေးနဲ့ မရောယှက်ရဘူးဆိုတာက အားကစားသမားတွေ ဒါမှမဟုတ် ပရိသတ်တွေအနေနဲ့ မတရားမှုတွေကို တွေ့ရင် လျစ်လျူရှုထားရမယ်၊ သာမန် စာနာမှုဆိုင်ရာ ကိစ္စရပ်တွေမှာတောင် လုံးဝ မပတ်သက်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။
အားကစားသမားတွေကလည်း လူမှုအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခု ဖြစ်တာကြောင့် ကစားကွင်းဟာ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ စာနာထောက်ထားမှုတွေကို ထုတ်ဖော်ပြသရာ စင်မြင်တခု ဖြစ်နိုင်ပါတယ်။
၂၀၁၇ ခုနှစ် ကတ်တလန် လွတ်လပ်ရေး လူထုဆန္ဒခံယူတုန်းက ဘာစီလိုနာအသင်းနဲ့ ဂျရတ် ပီကေးလို့ ကစားသမားတွေ က ကတ်တလန် ပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ မဲပေးပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဘက်က ရဲဝံ့စွာ ရပ်တည်ပေးခဲ့တာမျိုး ရှိခဲ့ဖူးပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားပွဲမှာတုန်းကဆိုရင်လည်း ဆားဘီးယားကို ဂိုးသွင်းပြီးတဲ့နောက် ကိုဆိုဗိုနဲ့ အယ်လ်ဘေးနီးယား ပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းဝင် ဖိနှိပ်မှုတွေကို အမှတ်ရစေဖို့ အယ်လ်ဘေးနီးယား ကြိုးကြာသင်္ကေတနဲ့ အောင်ပွဲခံပြခဲ့တဲ့ အာဆင်နယ် ကစားသမားဟောင်း ဂရာနစ် ရှာကာ (Granit Xhaka) ရဲ့ ဖြစ်စဉ်တွေဟာ အားကစားကနေတဆင့် တရားမျှတမှုနဲ့ သမိုင်းဝင် ဒဏ်ရာတွေကို ထုတ်ဖော်ပြသခဲ့တဲ့ သာဓကတွေ ဖြစ်ကြပါတယ်။
ဒါကြောင့် “အားကစားကို နိုင်ငံရေးနဲ့ မရောယှက်ရေး” ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ဟာ ဖိနှိပ်ခံရမှုတွေနဲ့ မတရားမှုတွေကို ဆန့်ကျင်တဲ့ အားကစားသမားတွေ၊ ပရိသတ်တွေရဲ့ စာနာမှုနဲ့ တရားမျှတမှုဆိုင်ရာ ထုတ်ဖော်ပြသပိုင်ခွင့်တွေကို ပိတ်ပင်ဖို့ မဟုတ်ပါဘူး။
အဓိကကတော့ အစိုးရတွေ၊ နိုင်ငံရေးသမားတွေနဲ့ မီဒီယာအချို့က အားကစားရဲ့ အလှတရားကို အသုံးချပြီး စနစ်တကျ တံဆိပ်ကပ်တာ၊ မလိုလားအပ်ဘဲ အမုန်းတရား ပွားများစေတာနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်တာတွေကိုသာ ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။
အားကစားသမားတဦး ဒါမှမဟုတ် ပရိသတ်တဦးရဲ့ တရားမျှတမှုဘက်က အပြုသဘောဆောင်တဲ့ ရပ်တည်ချက်နဲ့ နိုင်ငံရေးအရ စနစ်တကျ အမြတ်ထုတ် တံဆိပ်ကပ်မှုတို့အကြား ခြားနားချက်ကို ရေရေရာရာ ခွဲခြားနားလည်ထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။
ဘောလုံးအားကစားဆိုတာက နိုင်ငံရေးသမားတွေ မလုပ်ဆောင်နိုင်တဲ့ ငြိမ်းချမ်းရေး၊ မတူကွဲပြားမှုတွေကြား လူမျိုးစုံ ဘာသာစုံ စုစည်းမှုနဲ့ လူမှုရေးဆိုင်ရာ တံတားထိုးပေးခြင်း (Social Bridging) ကို အမှန်တကယ် ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။
ကစားသမားတွေနဲ့ ပရိသတ်တွေကလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် နဲ့ ရပ်တည်ချက်ကို အသုံးပြုပြီး လူမှုရေးတရားမျှတမှုအတွက် အပြုသဘောဆောင်တဲံ အပြောင်းအလဲတွေကို တောင်းဆိုနိုင်ကြပါတယ်။ အားကစားနဲ့ နိုင်ငံရေး ရောယှက်မှုကို သုံးသပ်တာမှာ အားကစားဟာ ပြင်ပနိုင်ငံရေး အရှိတရားတွေနဲ့ ကင်းလွတ်လို့ မရနိုင်ပေမယ့်လည်း၊ အားကစားရဲ့ မူလအနှစ်သာရဖြစ်တဲ့ အနုပညာဆန်မှုကို နိုင်ငံရေးရှုထောင့်တခုတည်းက ကြည့်ပြီး တံဆိပ်ကပ်တာက တကယ်တမ်းဘောလုံးအားကစားရဲ့ စစ်မှန်တဲ့ ဆွဲဆောင်မှုနဲ့အလှတရားကို ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
အားကစားရဲ့ မူလအဓိပ္ပာယ်နဲ့ ကျယ်ပြန့်မှုကို မပျောက်ပျက်စေဖို့အတွက် ပရိသတ်တွေရဲ့ မတူကွဲပြားတဲ့ ခံစားချက်တွေကို အသိအမှတ်ပြုဖို့ ကစားသမားတွေရဲ့ အမှန်တကယ် စွမ်းဆောင်ရည်နဲ့ ပါရမီကို လေးစားဖို့ ၊ အားကစားကို နိုင်ငံရေးနဲ့ အမုန်းတရား အမြတ်ထုတ်မှုတွေကနေ ကာကွယ်ဖို့ဆိုတာက တံဆိပ်ကပ်ခြင်းထက် မတူညီမှုတွေကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားမှာ ဖီဖာ (FIFA) ရဲ့ စီးပွားရေးအရ အမြတ်ထုတ်မှုတွေ၊ အိမ်ရှင် အမေရိကန်အစိုးရရဲ့ ပထဝီနိုင်ငံရေး တည်ဆောက်မှုတွေနဲ့ ကော်ပိုရိတ် အကျိုးစီးပွားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာက ငြင်းပယ်လို့မရတဲ့ ပကတိအရှိတရား ဖြစ်ပါတယ်။
အခြားတဖက်မှာတော့ စီးပွားရေးနဲ့ နိုင်ငံရေး အဆောက်အအုံဆိုင်ရာ ပြဿနာတွေကို အကြောင်းပြုပြီး အားကစားကွင်းအတွင်းက အသင်းတွေနဲ့ ကစားသမားတွေကို “အမှား/အမှန်” ဒါမှမဟုတ် “တရားမျှတမှု/မတရားမှု” အဖြစ် အလွယ်တကူ ဘက်ခွဲပုံဖော်မှုတွေက ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တဲ့ ဇာတ်ကြောင်းခင်း အမြတ်ထုတ်မှုတွေသာဖြစ်ပါတယ်။
“မက်ဆီနဲ့ အာဂျင်တီးနားက မတရားမှုဘက်က ဖြစ်ပြီး စပိန်က တရားမျှတမှုကို ကိုယ်စားပြုတယ်ဆိုတဲ့ ဇာတ်ကြောင်း ပုံဖော်မှုတွေက က စနစ်ဆိုင်ရာ ပြဿနာတွေကို ပုဂ္ဂိုလ်ရေး ဒါမှမဟုတ် အသင်းတသင်းဆီကို သို့ လွှဲပြောင်းပုံဖော်လိုက်တာဖြစ်ပါတယ်။
အာဂျင်တီးနား ဒါမဟုတ် မက်ဆီဟာ “မတရားသော စနစ်ရဲ့ အကျိုးခံစားခွင့်ရှိသူ” ဆိုတဲ့ တံဆိပ်ကပ်ခြင်းကလည်း အားကစား အဖွဲ့အစည်းတွေရဲ့ အဖွဲ့အစည်းဆိုင်ရာ အားနည်းချက်တွေကို ကစားသမားတယောက်ထဲအပေါ် ပုံချလိုက်တာ ဖြစ်ပါတယ်။
အခြားတဖက်မှာ စပိန်အစိုးရရဲ့ နိုင်ငံတကာမှာ နိုင်ငံရေးအရ ရပ်တည်ချက်တွေကြောင့် စပိန်အသင်းက “တရားမျှတမှုရဲ့ သင်္ကေတ” အဖြစ် ဇာတ်ကြောင်းဖန်တီးတာကလည်း အာဂျင်တီးနားအပေါ် စွပ်စွဲချက်တွေလိုပဲ စပိန်အသင်းရဲ့ ဘောလုံးအလှတရားကိုကျော်လွန်ပြီး ဘက်ခွဲမှုတခု ဖြစ်ပါတယ်။
စပိန်အသင်းရဲ့ ကစားဟန်နဲ့ အောင်မြင်မှုဟာ ကစားသမားတွေရဲ့ စနစ်တကျ လေ့ကျင့်မှုနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကြောင့်သာ ဖြစ်ပြီး နိုင်ငံရေး ရပ်တည်ချက်ကြောင့် မဟုတ်ဘူးဆိုတာကို နားလည်နေဖို့ လိုအပ်ပါတယ်။
ဆိုရှယ်မီဒီယာ ခေတ်မှာ မီဒီယာတွေရဲ့ တချို့ အုပ်စုတွေက လူသားတွေရဲ့ စာနာမှုနဲ့ ဒေါသကို ဆွဲဆောင်ဖို့ အတွက် အားကစားပြိုင်ပွဲတွေမှာလည်း “တရားသောဘက် နဲ့ မတရားသောဘက်” ဆိုတဲ့ စစ်ပွဲပုံစံ ဇာတ်ကြောင်းတွေကို တည်ဆောက်လာကြပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားကတော့ ပြီးဆုံးသွားပါပြီ။ မပြီးဆုံးသေးတာက ဆိုရှယ်မီဒီယာပေါ်က နိုင်ငံရေးနဲ့ စံနှုန်းအမြတ်ထုတ်မှုတွေကို အခြေခံတဲ့ ဇာတ်ကြောင်းတွေဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေကြားမှာ အာဂျင်တီးနား၊ စပိန် ဒါမှမဟုတ် မက်ဆီ အပါအဝင် ဘယ်အသင်း၊ ဘယ်ကစားသမားကိုမှ “တရားမျှတမှု ဒါမှမဟုတ် မတရားမှု” အဖြစ် အလွယ်တကူ တံဆိပ်ကပ်လို့ မရနိုင်ပါဘူး။ ဒီလို ဘက်ခွဲ တံဆိပ်ကပ်မှုတွေကသာ ဘောလုံးအားကစားရဲ့ အလှတရားနဲ့ သမိုင်းမှတ်တမ်းတွေကို ပုံဖျက်တဲ့ နိုင်ငံရေးနဲ့ စံနှုန်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ဖြစ်ပါတယ်။

