BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ထရမ့်၏ သတိပေးချက်ထွက်ပေါ် ပြီးနောက် မိမိတို့သည် “ လွတ်လပ်သောနိုင်ငံ” ဖြစ်ကြောင်း ထိုင်ဝမ် တုံ့ပြန်

မေလ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်အနေနဲ့ တရားဝင်လွတ်လပ်ရေးကြေညာတာမျိုး မလုပ်ဖို့ သတိပေးပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာ စနေနေ့မှာတော့ မိမိတို့နိုင်ငံဟာ “ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံ” ဖြစ်တယ်လို့ ထိုင်ဝမ်က တုံ့ပြန်လိုက်ပါတယ်။

သမ္မတ ထရမ့်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပေကျင်းမြို့ ခရီးစဉ်ကို အဆုံးသတ်ခဲ့တာဖြစ်ပြီး အဲဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ကို မထောက်ပံ့ဖို့ ထရမ့်အပေါ် ဖိအားပေးခဲ့တာပါ။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ပိုင်နက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲတစေ ကြေညာထားတာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ “ ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်ပြီး လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လက်အောက်ခံ မဟုတ်ပါဘူး” လို့ ပြတ်ပြတ်သားသား ဖော်ပြထားပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေဟာ ဝါရှင်တန်ရဲ့ ထိုင်ဝမ်အပေါ် လုံခြုံရေးဆိုင်ရာ ကတိကဝတ်ပြုမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့လည်း အလေးအနက် ပြောကြားခဲ့ပါတယ်။

ဒီတုံ့ပြန်ချက်ဟာ သမ္မတ ထရမ့်က Fox News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး သတိပေးပြောဆိုခဲ့ပြီးနောက် ထွက်ပေါ်လာတာပါ။ ထရမ့်က “ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ လွတ်လပ်ရေးအသစ် ကြေညာတာမျိုး မမြင်ချင်ပါဘူး။ ခင်ဗျားတို့သိတဲ့အတိုင်း စစ်တိုက်ဖို့အတွက် မိုင်ပေါင်း ၉,၅၀၀ အဝေးကြီးကို သွားရမှာမျိုးကို ကျွန်တော် အလိုမရှိပါဘူး။ အခြေအနေတွေကို အေးအေးဆေးဆေး ဖြစ်စေချင်တာပါ။ လက်ရှိအတိုင်းပဲ ဆက်သွားမယ်ဆိုရင် တရုတ်ဘက်ကလည်း လက်ခံလိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် ကတော့ ထိုင်ဝမ်ဟာ လက်ရှိမှာတင် လွတ်လပ်တဲ့နိုင်ငံ ဖြစ်နေပြီးသားမို့လို့ ထပ်ပြီး လွတ်လပ်ရေးကြေညာစရာ မလိုဘူးလို့ ယူဆထားပါတယ်။ သို့သော်လည်း ထရမ့်ဟာ တရုတ်နိုင်ငံသို့ မသွားရောက်ခင်ကတည်းက ထိုင်ဝမ်သို့ လက်နက်ရောင်းချမယ့်ကိစ္စကို ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ဖူးတာကြောင့် ယခင်အမေရိကန်အစိုးရတွေရဲ့ မူဝါဒကနေ သွေဖည်မယ့် အရိပ်အယောင်တွေ ရှိနေပါတယ်။ ထိုင်ဝမ်လွှတ်တော်ကတော့ မကြာသေးမီကတင် အမေရိကန်လက်နက်တွေ ဝယ်ယူဖို့အတွက် ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုးရှိ စစ်အသုံးစရိတ်ဥပဒေကြမ်းကို အတည်ပြုထားခဲ့တာပါ။

ထိုင်ဝမ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကာရင် ကူအို ကတော့ “ ထိုင်ဝမ်နဲ့ အမေရိကန်တို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေကို အမြဲတမ်း လက်တွေ့လုပ်ရပ်တွေနဲ့ သက်သေပြခဲ့တာပါ။ ‘ထိုင်ဝမ်ဆက်ဆံရေးဥပဒေ’ အောက်က ခိုင်မာတဲ့ ကတိကဝတ်တွေနဲ့အတူ အမေရိကန်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်” လို့ သံတမန်ဆန်ဆန် တုံ့ပြန်ပြောဆိုထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed